တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ယခုလအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ခြေ ရှိသည်

Yunnan Gateway, November 10, 2021
Size:

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးကို ယခုလအတွင်း ပြန်လည် ဖွင့်လှစ်နိုင်ခြေရှိကြောင်း သတင်းအရ သိရသည်။ ယခုရက်ပိုင်းတွင် တရုတ်နိုင်ငံမှ သက်ဆိုင်ရာအဖွဲ့အစည်းများသည် မြန်မာနိုင်ငံဘက်နှင့် တွေ့ဆုံခဲ့ပြီး ယခု နိုဝင်ဘာလကုန်တွင် တရုတ်-မြန်မာ နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်ရန်နှင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးကို ပြန်လည်စတင်ရန် ညှိနှိုင်းကြိုးပမ်းမှုများကို ဖော်ပြခဲ့သည်။

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားခြင်းကြောင့် ယခုနှစ် ဇူလှိုင်လ (၁၀) ရက်နေ့မှစပြီး တရုတ်နိုင်ငံဘက်မှ ချင်း‌ရွှေဟော်မှလွဲ၍ အခြားသော တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ပိတ်ခဲ့ပါသည်။ ထို့နောက် ချင်းရွှေဟော် နယ်စပ်ဂိတ်ကိုလည်း အောက်တိုဘာလ (၆) ရက်နေ့မှစပြီး ပိတ်လိုက်သောကြောင့် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးတွင် နယ်စပ်ဂိတ် တစ်ခုမျှ ဖွင့်လှစ်ခြင်းမရှိတော့ပါ။

နယ်စပ်ဂိတ်ဖွင့်လှစ်ခြင်းကိစ္စနှင့်ပတ်သက်၍ မူဆယ် (၁၀၅) မိုင် သစ်သီးရောင်းကွင်း ဒုဥက္ကဋ္ဌ ဦးစိုင်းခင်မောင်သည် ရောဂါအခြေအနေကောင်းမွန်လာမှသာ နယ်စပ်ကုန်သွယ်ဂိတ်များ ပြန်လည်လည်ပတ်လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်းပြောဆိုခဲ့သည်။ “ဒါ့အပြင် ပြန်လည်လည်ပတ်လုပ်ဆောင်မှု မပြုခင် သက်ဆိုင်ရာရောဂါကာကွယ် ထိန်းချုပ်ရေးစီမံချက်များကို သတ်မှတ်ရန်လိုအပ်သေးသည်။ သစ်သီးရောင်းကွင်းစီမံခန့်ခွဲမှု၊ လမ်းကြောင်းဖွင့်လစ်မှု စသည့် ကိစ္စရပ်များအပါအဝင် ဆွေးနွေးညှိနှိုင်းရပါမည်” ဟု ဦးစိုင်းခင်မောင်က ပြောသည်။

မြန်မာနိုင်ငံပြည်သူများသည် တရုတ်-မြန်မာ နယ်စပ်ဂိတ်ပြန်လည်ဖွင့်လှစ်ရန် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြန်လည်ထူထောင်ရန် အထူးမျှော်လင့်နေကြောင်း မြန်မာနိုင်ငံ မူဆယ်ဆန်အသင်း ဒုဥက္ကဋ္ဌ ဦးမြင့်သိန်း က ပြောသည်။ လက်ရှိ မြန်မာနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကျဆင်းနေလျက်ဖြစ်သည်။ အထူးသဖြင့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခြင်းနှင့်အတူ အလုပ်လက်မဲ့နှုန်း အဆက်မပြတ်တိုးမြင့်လာခြင်းကြောင့် ပြည်သူများ နေထိုင်မှုအခြေအနေ ပိုမိုခက်ခဲပြီး စိုးရိမ်ရသောအနေအထား ရောက်ရှိနေရသည်။ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးပမာဏသည် မြန်မာနိုင်ငံနှင့် အခြားနိုင်ငံနယ်စပ်ကုန်သွယ်ရေးထက် များစွာကြီးမားသော အလာအလားရှိသည်။ အချိန်မီဖွင့်လှစ်နိုင်ပါက တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးသည် မြန်မာနိုင်ငံ စီးပွားရေးကယ်တင်ရန်နှင့် ပြည်သူများနေထိုင်မှုဖိအားကို လျှော့ချနိုင်ရန်အတွက် အထူးအထောက်အကူ ဖြစ်နိုင်ပါသည်။
တရုတ်နိုင်ငံဘက်မှ ရောဂါအခြေအနေကြောင့် ပိတ်လိုက်သော တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်များကို အမြန် ပြန်လည်ဖွင့်လှစ်ပေးနိုင်ရန်၊ တရုတ်-မြန်မာ လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲရန် တရုတ်ပြည်သူများ မြန်မာနိုင်ငံအတွင်းသို့ လာရောက်လည်ပတ်ခြင်းနှင့် ရင်းနှီးမှုများပြုလုပ်ခြင်းကို ကြိုဆိုကြောင်း၊ ကျောက်စိမ်းကုန်သွယ်ရေးအပါအဝင် ကုန်သွယ်ရေးကူးသန်းသွားလာမှုများ ပြန်လည်စတင်ခြင်းဖြင့် မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပြန်လည်ထူထောင်ရေးတွင် ထောက်ပံ့ကူညီပေးရန် ပြည်သူများမှ မျှော်လင့်နေကြသည်။ ဤသို့မှသာ မြန်မာနိုင်ငံစီးပွားရေးသည် ပြန်လည်ရှင်သန်လာပြီး ဖွံ့ဖြိုးတိုးတက်ရေးသည် မျှော်လင့်ချက်ရှိနိုင်မည်ဖြစ်သည်။