နိုင်ငံအသီးသီးမှ ကုန်ပစ္စည်း၊ နည်းပညာနှင့် ဝန်ဆောင်မှုသစ်များ တရုတ်ပြည်တွင် ပထမဆုံးအကြိမ် ပြသခြင်းသည် တရုတ်ဈေးကွက်အပေါ် နိုင်ငံခြားကုမ္ပဏီများ ယုံကြည်မှုရှိခြင်းကို ပြဆို

CRI, November 7, 2021
Size:

ယခုလ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ ကုန်ပစ္စည်း၊ နည်းပညာနှင့် ဝန်ဆောင်မှုသစ်များကို စတုတ္ထအကြိမ် တရုတ် နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲတွင် ပထမဆုံးအကြိမ်အဖြစ် ပြသမည် ဖြစ်ကြောင်း၊ ယင်းပြသခြင်းများသည် ၎င်းကုန်ပစ္စည်း၊ နည်းပညာနှင့် ဝန်ဆောင်မှုသစ်များကို တရုတ်ပြည်၊ အာရှ(သို့) တစ်ကမ္ဘာလုံးတွင် ပထမဆုံးအကြိမ် ပြသခြင်းများလည်း ဖြစ်ကြောင်း၊ ယင်းသည် ယခုအကြိမ် ကုန်စည်ပြပွဲတွင် ပါဝင်ပြသကြသည့် ကုမ္ပဏီများအတွက် တိကျမှန်ကန်စွာ ချိတ်ဆက်ရန် ပိုမိုများပြားသည့် အခွင့်အလမ်းများကို ဖန်တီးပေးမည့်အပြင်၊ ဆန်းသစ်တီထွင်မှု ဖော်ထုတ်ရေး၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အတူတကွ ဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ရေး ပလက်ဖောင်းသစ်ကိုလည်း ဖန်တီးပေးမည် ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရသည်။

ဆန်းသစ်တီထွင်မှုသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ပထမဆုံး တွန်းအားပေးမှု ဖြစ်ပြီး လွန်ခဲ့သည့် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲများတွင် ဆွဲဆောင်မှု အရှိဆုံး အချက် တစ်ချက်လည်း ဖြစ်ကြောင်း၊ ယခုအကြိမ် သွင်းကုန်ကုန်စည်ပြပွဲတွင် ကုမ္ပဏီ ၆၂ ခုသည် ကုန်ပစ္စည်းသစ်၊ ရှေ့တန်းကျ နည်းပညာနှင့် ဆန်းသစ်တီထွင်ရေးဝန်ဆောင်မှု ၁၀၀ ကျော်ကို ပြသမည် ဖြစ်ကြောင်း၊ ယင်းအနက် တစ်ဝက်ကျော်ကို တစ်ကမ္ဘာလုံးတွင် ပထမဆုံးအကြိမ် ပြသခြင်း ဖြစ်ပြီး များစွာကို တရုတ်ဈေးကွက်အတွက် သီးသန့်ထုတ်လုပ်ခြင်း ဖြစ်ကြောင်း၊ ယင်းသည် တရုတ် စီးပွားရေး၏ရှင်သန်မှုကို ရောင်ပြန်ထင်ဟပ်ပြီး တရုတ်ဈေးကွက်အပေါ် ကုန်စည်ပြပွဲတွင် ပါဝင်ပြသကြသည့်ကုမ္ပဏီများမှ ယုံကြည်မှုရှိခြင်းနှင့် တရုတ် အခွင့်ကောင်းများကို ရရှိရန် ဆန္ဒကိုလည်း ပြဆိုနေကြောင်း China Media Group က ဖော်ပြသည်။

တရုတ်ပြည်တွင် လူဦးရေ ၁့၄ ဘီလီယံရှိပြီး ယင်းအနက် သန်း ၄၀၀ ကျော်သည် ဝင်ငွေ အသင့်အတင့် ရရှိသူ ဖြစ်၍ တရုတ်ပြည်သည် မည်သည့် နိုင်ငံတကာ ကုမ္ပဏီမဆို လျစ်လျူရှု၍ မရသော အလွန်ကြီးမားသော ဈေးကွက် ဖြစ်ကြောင်း၊ ထို့အပြင်၊ တရုတ် စီးပွားကုန်သွယ်ရေး ပတ်ဝန်းကျင်သည် ဆက်တိုက် ကောင်းမွန်လာပြီး အထူးသဖြင့် ပညာမူပိုင်ခွင့် ထိန်းသိမ်းကာကွယ်ရေး အဆက်မပြတ် အားဖြည့်ဆောင်ရွက်ခြင်းကြောင့် ကမ္ဘာတစ်ဝန်း ကုမ္ပဏီများသည် နည်းပညာသစ်နှင့် ကုန်ပစ္စည်းသစ်များကို တရုတ် ဈေးကွက်သို့ တင်သွင်းရန် ပိုမို စိတ်ချကြောင်း၊ ပိုမို အရေးကြီးသည့် အချက်ကတော့ တံခါးဖွင့်မှု တိုးချဲ့ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ တရုတ်ပြည်သည် ကတိပြုသည့်အတိုင်း လုပ်ဆောင်နေပြီး နိုင်ငံခြားကုမ္ပဏီများအတွက် ယုံကြည်စိတ်ချမှုကို ဆောင်ကြဉ်းလာကြောင်း၊ ယခုအကြိမ် သွင်းကုန်ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန် အလေးထား ပြောကြားသည့်အတိုင်း အရည်အသွေး မြင့်မားသော တံခါးဖွင့်မှု တိုးချဲ့ဆောင်ရွက်ရန် တရုတ်ပြည်၏ စိတ်ပိုင်းဖြတ်ချက်သည် ပြောင်းလဲမည် မဟုတ်ကြောင်း China Media Group က ဖော်ပြသည်။