ကိုဗစ်-၁၉ လွန်ချိန် လန်ချန်း-မဲခေါင်ဒေသတွင်း ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း နာလန်ပြန်ထူရန် တရုတ်နှင့် မြန်မာ အတူကြိုးပမ်းဆောင်ရွက်ရမည်ဟု မြန်မာ-တရုတ် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးကော်မတီ ဒုဥက္ကဋ္ဌဆို

CRI, October 28, 2021
Size:

မကြာခင်က တရုတ်ယဉ်ကျေးမှုနှင့် ခရီးသွားဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် “လန်ချန်း-မဲခေါင် ခရီးသွားမြို့များ ပူးပေါင်းဆောင်ရွက်ရေး မဟာမိတ် အစည်းအဝေးနှင့် လန်ချန်း-မဲခေါင် မြို့တော်ဝန်များ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဖိုရမ်”ကို တရုတ်နိုင်ငံ ချုံချင့်မြို့၌  ချောမောအောင်မြင်စွာ ကျင်းပခဲ့ပါသည်။ ယင်းအစည်းအဝေး ကျင်းပခြင်းသည် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် ၅ နိုင်ငံမှ မြို့များနှင့် ဟိုင်ခေါ်၊ နန်နင်း၊ ချန်ဒူးစသည့် တရုတ်နိုင်ငံ မြို့ ၁၃ မြို့တို့အကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးအတွက် အပြုသဘောဆောင်သော ဆွေးနွေးမှုနှင့် စမ်းသပ်ဆောင်ရွက်မှုတစ်ရပ်ဖြစ်ပါသည်။

ယခုအကြိမ် အစည်းအဝေးတွင် “လန်ချန်း-မဲခေါင် ခရီးသွားမြို့များ ပူးပေါင်းဆောင်ရွက်ရေး မဟာမိတ် လုပ်ငန်းစီမံချက်နှင့် ၅ နှစ်တာ စီမံကိန်း”ကို ထုတ်ပြန်ခဲ့ပါသည်။ မြန်မာ-တရုတ် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးကော်မတီမှ ဒုဥက္ကဋ္ဌ၊ တရုတ်-မြန်မာယဉ်ကျေးမှု ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအဖွဲ့မှ အမှုဆောင်ဥက္ကဋ္ဌ မစ္စတာ Liu Wei က အွန်လိုင်းကတစ်ဆင့် အစည်းအဝေးသို့ တက်ရောက်ကြပါသည်။ Liu Wei က လန်ချန်း-မဲခေါင် ခရီးသွားမြို့များ ပူးပေါင်းဆောင်ရွက်ရေး မဟာမိတ်ဖွဲ့စည်းခြင်းသည် လန်ချန်း-မဲခေါင် ဒေသတွင်း ၆ နိုင်ငံ၏ ခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှုအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်မည် ဖြစ်ကြောင်း ယူဆပါသည်။ ၎င်းက ယင်းမဟာမိတ်ဖွဲ့စည်းခြင်းသည် ဒေသတွင်း ၆ နိုင်ငံ၏ ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုအတွက် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းပေးပြီး နိုင်ငံအသီးသီးအကြား ဆွေးနွေးတိုင်ပင်ရန် အကျိုးရှိစေကြောင်း၊ နိုင်ငံအသီးသီးမှ ခရီးသွားအသင်းနှင့် ခရီးသွားလုပ်ငန်းများအကြား သတင်းအချက်အလက်များ မျှဝေရန် အကျိုးရှိစေကြောင်း၊ ဒေသတွင်းခရီးသွားလုပ်ငန်း အရည်အသွေးမြှင့်တင်ရန် အကျိုးရှိစေကြောင်း၊ ကိုဗစ်-၁၉ လွန်ချိန် ဒေသတွင်းခရီးသွားလုပ်ငန်း နာလန်ပြန်ထူရေးနှင့် ရှင်သန်ရေးအတွက် အကျိုးရှိစေကြောင်း ပြောပါသည်။

ကိုဗစ်-၁၉ ရောဂါကြောင့် တရုတ်နှင့် မြန်မာအကြား ခရီးသွားလုပ်ငန်းက ပြင်းပြင်းထန်ထန် ထိခိုက်ခံရပါသည်။ Liu Wei က ယင်းထိခိုက်မှုသည် အချိန်ကာလတိုအတွင်းတွင် “အပျက်သဘော”အဖြစ် သတ်မှတ် နိုင်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့်နောက်ပိုင်း နှစ်နိုင်ငံ ခရီးသွားဦးရေသည် ၂၀၁၉ ခုနှစ်က ၈ သိန်းကျော်မှ သုည နီးပါးအထိ ကျဆင်းသွားပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်နှင့် အစိုးရဝန်ထမ်းအနည်းစုမှလွဲ၍ နှစ်နိုင်ငံအကြားသွားလာသည့် အခြားပုဂ္ဂိုလ်များ မရှိကြောင်း မိတ်ဆက်ပြောဆိုပါသည်။

ခရီးသွားလုပ်ငန်းက လန်ချန်း-မဲခေါင်ဒေသတွင်းနိုင်ငံများအတွက် အရေးပါသော ငွေဝင် အရင်းအမြစ်ဖြစ်ပြီး မြန်မာနိုင်ငံ GDP ၏ ၆ ရာခိုင်နှုန်းဖြစ်ခဲ့ဖူးပါသည်။ ခရီးသွားလုပ်ငန်းသည် မြန်မာနိုင်ငံ စီးပွားရေးနာလန်ပြန်ထူရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်သော်လည်း ကိုဗစ်-၁၉ ရောဂါ ကမ္ဘာ့တစ်ဝန်းလုံး၌ ဖြစ်ပွားနေဆဲအခြေအနေတွင် အဖွဲ့လိုက် ခရီးသွားခြင်းနှင့် ခရီးသည်များ နိုင်ငံများအကြား အပြန်အလှန် ဝင်ခွင့်ပေးခြင်းကို လုံးဝ ခွင့်ပြုရန်မှာ အချိန်လိုသေးပါသည်။ ကိုဗစ်-၁၉ ကာလအတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းပြန်လည် ရှင်သန်ရန် မည်သို့ ကြိုတင်ပြင်ဆင် ဆောင်ရွက်သင့်သနည်းနှင့် ပတ်သက်၍ Liu Wei က အကြံပြုချက်များကို တင်ပြပေးပါသည်။ ၎င်းက ကိုဗစ်-၁၉ ကာလအတွင်း ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သောဝန်ထမ်းများအတွက် နည်းပညာလေ့ကျင့်ပေးရေးကို ကြိုတင်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ဥပမာအားဖြင့် ခရီးသွား လမ်းညွှန်ဝန်ထမ်းများ၊ ဟိုတယ် ဝန်ဆောင်သူများအား ဘာသာစကားနှင့် ဝန်ဆောင်မှုနည်းပညာကို လေ့ကျင့်ပေးကြောင်း၊ တစ်ချိန်တည်းတွင် ခရီးသွားလုပ်ငန်းဆိုင်ရာအသင်းများနှင့် ခရီးသွားလုပ်ငန်းအချင်းချင်း ကူးလူး ဖလှယ်မှုများကို ဆက်လက်အားဖြည့်ဆောင်ရွက်ပေးခြင်းဖြင့် ခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်ခြင်း နောက်ပိုင်း ပူးပေါင်းဆောင်ရွက်မှုအတွက် အဆင်သင့် ဖြစ်စေကြောင်း၊ အထက်ပါဖော်ပြသော  လေ့ကျင့်ပေးရေးနှင့် ကူးလူးဖလှယ်ရေးတို့ကို အွန်လိုင်းမှတစ်ဆင့် အကောင်အထည် ဖော်ဆောင်နိုင်ကြောင်း ပြောပါသည်။

ယခုအကြိမ် အစည်းအဝေး၏ရည်မှန်းချက်သည် “ကိုဗစ်-၁၉ လွန်ချိန် လန်ချန်း-မဲခေါင်ဒေသတွင်းယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းနာလန်ပြန်ထူရေးအတွက် နည်းလမ်းရှာကြံရန် ဆွေးနွေးပြီး ဒေသတွင်းယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း အရည်အသွေး မြင့်မားစွာတိုးတက်ရန် အတူမြှင့်တင်ပေးခြင်းဖြစ်ပါသည်။ Liu Wei က ကိုဗစ်-၁၉ လွန်ချိန် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် မျှော်မှန်းချက်အပြည့်ရှိပါသည်။ ၎င်းက ခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှုသည် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံချစ်ခင်ရင်းနှီးသောဆက်ဆံရေးအတွက် အရေးကြီးသည့် ပလက်ဖောင်းဖြစ်ပြီး နှစ်နိုင်ငံ “Belt and Road” မူဘောင်တွင် အရေးကြီးသည့် ပူးပေါင်းဆောင်ရွက်မှုဖြစ်ကာ နှစ်နိုင်ငံခရီးသွားလုပ်ငန်းမှ ဆောင်ရွက်သူများအတွက် အရေးကြီးသည့် ဝင်ငွေအရင်းအမြစ်လည်း ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ လွန်ချိန် နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးကို ဆက်လက်တွန်းအားပေးခြင်းသည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရေးအတွက် အရေးပါသော အဓိပ္ပါယ်ရှိကြောင်း ပြောပါသည်။