တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံထံ လှူဒါန်းပေးအပ်သော ကိုဗစ်-၁၉ ကာကွယ်ဆေးများ အကြိမ်ရေ (Doses) ၂ သန်းအနက် ပထမဆုံးအသုတ် Doses ၁ သန်းသည် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်ရောက်ရှိခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးချန်ဟိုင်နှင့် မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းတို့က ဗီဒီယိုစနစ်ဖြင့် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ကျင်းပကာ လွှဲပြောင်းပေးအပ်ကြောင်း အသိအမှတ်ပြုလွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ သံရုံးမှ သံမှူးကြီး လီရှောင်ယန့်နှင့် စီးပွားရေးသံမှူး ထန်စူးဖုတို့ တက်ရောက်ခဲ့ကြသည်။
သံအမတ်ကြီးချန်ဟိုင်က ယနေ့ ရန်ကုန်သို့ ပို့ဆောင်ရောက်ရှိသည့် လှူဒါန်းပေးအပ်သော Vaccine နှင့် မနက်ဖြန် ထပ်မံရောက်ရှိမည့် လှူဒါန်းပေးအပ်သော ကာကွယ်ဆေးသည် စုစုပေါင်း Doses ၂ သန်းဖြစ်ကြောင်း၊ တရုတ်ကာကွယ်ဆေးသည် မြန်မာနိုင်ငံ ပြည်တွင်း အသက်အရွယ်အပိုင်းအခြားအသီးသီးကို လွှမ်းခြုံနေပြီး မြန်မာနိုင်ငံ ကပ်ရောဂါ ထိရောက်စွာ ကာကွယ်ထိန်းချုပ်ရေးကို အထောက်အကူပြုပြီး ပြည်သူများကျန်းမာရေးကို မြှင့်တင်ပေးကြောင်း ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက တရုတ်နိုင်ငံအစိုးရက လှူဒါန်းပေးအပ်သော ကာကွယ်ဆေးများကို မြန်မာနိုင်ငံက ထပ်မံလက်ခံရရှိသည့်အတွက် အလွန်ဂုဏ်ယူမိကြောင်း၊ တရုတ်အစိုးရနှင့် ပြည်သူများက မြန်မာနိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် ကူညီပေးအပ်မှုနှင့် လှူဒါန်းပေးအပ်သောကာကွယ်ဆေးများ အချိန်မီပို့ဆောင်ရောက်ရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးသည် ကမ္ဘာ့နိုင်ငံအသီးသီး၏ တူညီသောတာဝန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံက တရုတ်နိုင်ငံနှင့်အတူ ကောင်းမွန်သည့်ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။