တရုတ်-လာအို ရထားလမ်း ဗီယင်ကျန်းဘူတာကြီး အလုံးစုံပြသနိုင်ပြီဖြစ်

Yunnan Gateway, October 8, 2021
Size:

China Railway Construction Engineering Group မှ တာဝန်ယူတည်ဆောက်သည့် တရုတ်-လာအိုရထားလမ်း ဗီယင်ကျန်းဘူတာကြီးသည် အောက်တိုဘာ ၆ ရက်က မျက်နှာစာကန့်လန့်ကာနံရံ၏နောက်ဆုံးမှန်တစ်ချပ် တပ်ဆင်နိုင်ခြင်းနှင့်အတူ ဘူတာကြီးတစ်ခုလုံး ရုပ်လုံးပေါ် ပြသနိုင်ခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ တရုတ်-လာအိုရထားလမ်း တစ်ခုလုံးဖွင့်လှစ်ရေးအတွက် အရေးကြီးသည့် ခြေလှမ်းတစ်ရပ်ကို လျှောက်လှမ်းနိုင်ခြင်း ဖြစ်သည်။


ဗီယင်ကျန်းဘူတာကြီးသည် တရုတ်-လာအို ရထားလမ်း၏ အကြီးဆုံးဘူတာဖြစ်သည်။ လာအိုနိုင်ငံမြို့တော် ဗီယင်ကျန်းတွင် တည်ရှိသည့် ယင်းဘူတာကြီးကို ပလက်ဖောင်း ၃ ခု နှင့် ရထားပြေးလမ်း ၅ လမ်း၊ ကြိုတင်အပိုထားရှိသည့် ပလက်ဖောင်း ၂ ခု ရထားပြေးလမ်း ၂ လမ်းအဖြစ် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ပြီး ဘူတာရုံအဆောက်အဦးဧရိယာ ၁၄,၅၄၃ စတုရန်းမီတာရှိရာ ခရီးသည် အများဆုံး ၂,၅၀၀ လက်ခံနိုင်ကြောင်း သိရသည်။


ဗီယင်ကျန်းဘူတာကြီး၏ ဒီဇိုင်းရေးဆွဲမှုသည် တရုတ်-လာအို နှစ်နိုင်ငံ ရိုးရာယဉ်ကျေးမှုများပေါင်းစပ်ထားခြင်း ဖြစ်သည်။ ဘူတာရုံသည် တရုတ်ရိုးရာရှေးဟောင်းအဆောက်အဦးပုံသဏ္ဍာန်ကို မှီငြမ်းထားခြင်းဖြစ်ရာ ဗီယင်ကျန်း၏ ထူးခြားသဘာဝပတ်ဝန်းကျင်နှင့် တရုတ်ဂန္တဝင်အဆောက်အဦးမျက်နှာစာပေါင်းစည်းထားကြောင်း မိတ်ဆက်ပြောကြားချက်များအရ သိရသည်။ ထို့အပြင် စီမံကိန်းဒီဇိုင်းအဖွဲ့က အပူပိုင်းမိုးသစ်တော၏ သစ်ပင်ပုံစံများကို ထည့်သွင်းပြီး ဘူတာရုံ၏အရှေ့မျက်နှာစာ တံစက်မြိတ်စင်္ကြံတိုင်ပုံဖော်ထားသလို နံသာဖြူကို အသုံးပြု၍ လာအိုနိုင်ငံ၏ စကားပန်းပုံကို ဘူတာရုံမျက်နှာကြက်တွင် အလှဆင်ထားကြောင်း သိရသည်။

တရုတ်-လာအို ရထားလမ်းသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်နှင့် လာအိုနိုင်ငံ၏ ကိုယ်တွင်းပိတ်နိုင်ငံမှ ကုန်းတွင်းဆက်နိုင်သို့ ပြောင်းလဲခြင်း မဟာဗျူဟာ ချိတ်ဆက်ထားသည့်စီမံကိန်း ဖြစ်သည်။ စီမံကိန်းတစ်ခုလုံးကို တရုတ်နိုင်ငံ၏ စီမံခန့်ခွဲမှု၊ နည်းပညာ စံချိန်စံညွှန်းများဖြင့် တည်‌ဆောက်ထားခြင်းဖြစ်ရာ တစ်နာရီလျှင် ၁၆၀ ကီလိုမီတာနှုန်းဖြင့် ပြေးဆွဲနိုင်အောင် ဒီဇိုင်းရေးဆွဲထားသည့် ကုန်တင်၊ ခရီးသည်တင် သွားလာနိုင်သည့်လျှပ်စစ်ရထားလမ်း ဖြစ်သည်။ ယင်းရထားလမ်းဖောက်လုပ်တည်ဆောက်မှုကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ဘက်စုံစတင်ခြင်း ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် အပြီးတည်ဆောက်ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)