တရုတ်နှင့် မြန်မာ နှစ်နိုင်ငံမှ လုပ်ငန်းကုမ္ပဏီများက ဆိုက်ဘာနယ်ပယ် ကံကြမ္မာတူ အသိုက်အဝန်းများ တည်ဆောက်ရေးအတွက် လက်တွဲ ဆောင်ရွက်သင့်ကြောင်း မြန်မာ လုပ်ငန်းရှင်ဆို

CRI, September 27, 2021
Size:

ကမ္ဘာ့အင်တာနက်ညီလာခံ ဝူးကျင့်-ထိပ်သီးများ အစည်းအဝေးသည် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ကျဲ့ကျန်းပြည်နယ် ကြားရှင်းမြို့ ဝူးကျင့်တွင် စတင်ကျင်းပခဲ့ပါသည်။ ယခုအကြိမ် အစည်းအဝေးသည် အင်တာနက်နည်းပညာ နောက်ဆုံးအောင်ကျိုးရလဒ်များကို ပြသပြီး ဒီဂျစ်တယ်စွမ်းအားနှင့် အနာဂတ်ကို အတူဖန်တီးခြင်းအပေါ်  အာရုံစိုက်ခြင်းဖြစ်ပါသည်။

ယနေ့ခေတ်တွင် ဒီဂျစ်တယ်နည်းပညာက လူသား၏စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေး စသည့်နယ်ပယ်အသီးသီးတွင် ဘက်စုံပေါင်းစပ်ပါဝင်နေခြင်းဖြစ်ပါသည်။ ယခုနှစ်များတွင် မြန်မာနိုင်ငံ၏ အင်တာနက်ဆက်သွယ်ရေးလုပ်ငန်းကလည်း လျင်မြန်စွာ တိုးတက်လျက်ရှိပြီး မြန်မာပြည်သူများ၏ ကုန်ထုတ်လုပ်မှုနှင့် နေထိုင်မှုဘဝအပေါ် အပြုသဘောဆောင်သည့် ကျယ်ပြန့်သည့် အကျိုးသက်ရောက်မှုကို ဖြစ်စေခဲ့ပါသည်။ မြန်မာနိုင်ငံ Broadband Telecom ကုမ္ပဏီ လီမိတက် (MBT) မှ အထွေထွေမန်နေဂျာ ဝမ်ရှောင်ယွီက မြန်မာနိုင်ငံ၏ အင်တာနက်ဈေးကွက်သည် ဝယ်လိုအားကောင်းသော်လည်း အပလီကေးရှင်းပါဝင်မှုက လောလောဆယ် အားနည်းနေသောကြောင့် ယင်းလုပ်ငန်းက အလွန်တိုးတက်မည့်ကာလသို့ ရောက်ရှိတော့မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံးသော အင်တာနက် အပလီကေးရှင်းဈေးကွက်ဖြစ်သည့်အတွက် ကုန်ပစ္စည်း၊ နည်းပညာနှင့် အပလီကေးရှင်းစသည့်နယ်ပယ်များတွင် ကမ္ဘာ့ရှေ့ဆောင်နိုင်သော ခေတ်မီထူးချွန်သော တရုတ်အင်တာနက်လုပ်ငန်းကုမ္ပဏီများ ဖြစ်ထွန်းလာကြောင်း၊ ၎င်းတရုတ်အင်တာနက်ကုမ္ပဏီများ ကမ္ဘာ့ဈေးကွက်သို့ ဝင်ရောက်လျှင် နိုင်ငံအသီးသီး၏ ဆက်သွယ်ရေးနည်းပညာကို အတူတကွ တိုးတက်စေနိုင်မည်ဖြစ်ကြောင်း ပြောပါသည်။

ယခုနှစ်များတွင် တရုတ်နိုင်ငံသည် “Belt and Road” တည်ဆောက်ရေးစသည့် အခွင့်အလမ်းကောင်းဖြင့် လမ်းတစ်လျှောက်ရှိနိုင်ငံများ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်အတူ အင်တာနက်အခြေခံအဆောက်အဦး၊ ဒီဂျစ်တယ်စီးပွားရေး၊ ဆိုက်ဘာလုံခြုံရေးစသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရန် ဆက်တိုက်အားဖြည့်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ယင်းသည်  မြန်မာနိုင်ငံ၏ အင်တာနက်ဆက်သွယ်ရေးတိုးတက်မှုအတွက် ပိုမိုများပြားသည့် အခွင့်အလမ်းများကို ဆောင်ကြဉ်းပေးခြင်းဖြစ်ပါသည်။ ဝမ်ရှောင်ယွီက MBT သည် မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် မန္တလေးမြို့ အပါအဝင် မြို့ ၁၃ မြို့တွင် အင်တာနက်ဝန်ဆောင်မှုပေးအပ်နိုင်ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ အင်တာနက်သုံးစွဲသူပေါင်း ၁ သိန်းကျော်ရှိပြီဖြစ်ကာ မြန်မာပြည်သူများအား အင်တာနက်ကို သုံးစွဲရန် လွယ်ကူစေနိုင်ကြောင်း၊ ထို့အပြင် MBTသည်တရုတ်ရုပ်ရှင်ဇာတ်လမ်းတွဲအပါအဝင် အစီအစဉ်များကို တင်သွင်းပြသခြင်းဖြင့် မြန်မာပြည်သူများ၏ ယဉ်ကျေးမှုဘဝကို မြှင့်တင်ပေးနိုင်သည့်အပြင် တရုတ်နှင့် မြန်မာနှစ်နိုင်ငံကြား ယဉ်ကျေးမှုကူးလူးဖလှယ်ရေးကို တိုးမြှင့်နိုင်ကြောင်း မိတ်ဆက်ပြောဆိုပါသည်။

ယခုနှစ် ကမ္ဘာ့အင်တာနက်ညီလာခံ ဝူးကျင့်-ထိပ်သီးများအစည်းအဝေး၏ ဆောင်ပုဒ်မှာ ဒီဂျစ်တယ်ယဉ်ကျေးမှု ခေတ်သစ်သို့ ချီတက်ပြီး ဆိုက်ဘာနယ်ပယ် ကံကြမ္မာတူ အသိုက်အဝန်းကို လက်တွဲတည်ဆောက်ခြင်း ဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီးနောက် အဝေးကနေ ဆေးကုသရေး၊ အွန်လိုင်းသင်ကြားပို့ချရေး၊ မျှဝေရေးပလက်ဖောင်းနှင့် အွန်လိုင်းရုံးတက်မှုစသည့် အင်တာနက် နည်းပညာကို ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိပါသည်။ ယင်းနှင့်ပတ်သက်ပြီး ဝမ်ရှောင်ယွီက အင်တာနက်သည် နိုင်ငံအသီးသီး၏ စီးပွားရေးနာလန်ပြန်ထူရေးမြှင့်တင်ခြင်း၊ လူ့ဘောင်အဖွဲ့အစည်း လည်ပတ်မှု အာမခံပေးခြင်းနှင့် နိုင်ငံတကာကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးခြင်းအတွက် အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်ကြောင်း၊ တရုတ်နှင့်မြန်မာနှစ်နိုင်ငံ၏ သက်ဆိုင်ရာလုပ်ငန်းကုမ္ပဏီများသည် နှစ်နိုင်ငံ အင်တာနက် အပြန်အလှန်ဆက်သွယ်ရေးမြှင့်တင်ခြင်း၊ အွန်လိုင်းယဉ်ကျေးမှုကူးလူးဖလှယ်ရေးနှင့် အတူမျှဝေရေး ပလက်ဖောင်းကို ဖန်တီးခြင်း၊ အင်တာနက်စီးပွားရေး ဆန်းသစ်တီထွင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးခြင်းနှင့် ဆိုက်ဘာလုံခြုံရေးကို အာမခံပေးခြင်းစသည့် နယ်ပယ်များတွင် အားဖြည့် ပူးပေါင်းဆောင်ရွက်ရန် လက်တွဲဖော်ဆောင်ပြီး ဆိုက်ဘာနယ်ပယ် ကံကြမ္မာတူ အသိုက်အဝန်းတည်ဆောက်ရန်အတွက် အထောက်အကူပြု ဆောင်ရွက်သင့်ကြောင်း ယူဆပါသည်။