ဒေသစံတော်ချိန် စက်တင်ဘာလ ၁၃ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်နှင့် စင်ကာပူနိုင်ငံ၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ဝမ်ယိက တရုတ်ပြည်သည် စင်ကာပူအပါအဝင် အာဆီယံနိုင်ငံများနှင့်အတူ တရုတ်-အာဆီယံ ဆွေးနွေးရေး ဆက်ဆံမှု ထားရှိခဲ့သည့် နှစ် ၃၀ ပြည့်မြောက်ခြင်း အထိမ်းအမှတ် လှုပ်ရှားမှုများ ကျင်းပရေးအတွက် ပြင်ဆင်ရေးလုပ်ငန်းများကို ကြိုတင်လုပ်ဆောင်ရန်၊ တရုတ်-အာဆီယံဆက်ဆံမှု အရည်အချင်း မြှင့်တင်ရန်၊ အာဆီယံကို ဗဟိုပြုသော ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးမူဘောင်ကို အတူတကွ ထိန်းသိမ်းရန်၊ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ်ရန် မျှော်လင့်ကြောင်း ဖော်ပြပါသည်။
ဗီဗီယန်က တရုတ်နှင့် စင်ကာပူနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုသည် ချောမွေ့ အဆင်ပြေစွာ တိုးတက်နေကြောင်း၊ ကိုဗစ်-၁၉ ရောဂါကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခြင်းအတွက် တရုတ်ပြည်အား ဂုဏ်ပြုပြီး တရုတ်ပြည်၏ ကပ်ရောဂါကာကွယ်ဆေးပံ့ပိုးမှုကို ကျေးဇူးတင်ရှိကြောင်း၊ စင်ကာပူအနေနှင့် ကပ်ရောဂါခုခံတိုက်ဖျက်ရေး၊ စီးပွားကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ ဒီဂျစ်တယ်စီးပွားရေး၊ မြစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ်များတွင် တရုတ်ပြည်နှင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး နှစ်နိုင်ငံဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးကို အားသစ်လောင်းပေးလိုကြောင်း ဖော်ပြပါသည်။