တစ်ကမ္ဘာလုံး ကိုဗစ်-၁၉ ရောဂါအခြေအနေ ပြင်းထန်ရှုပ်ထွေးနေဆဲဖြစ်သော်လည်း ၂၀၂၁ ခုနှစ် တရုတ်နိုင်ငံတကာ ဝန်ဆောင်မှု ကုန်သွယ်ရေး ကုန်စည်ပြပွဲကို အချိန်မှန်မှန် ကျင်းပ ခဲ့ပါသည်။ ယခုအကြိမ်ပြပွဲတွင် နိုင်ငံနှင့်ဒေသ ၁၅၃ ခုမှ လုပ်ငန်းကုမ္ပဏီ တစ်သောင်းကျော် ပါဝင်ပြသပြီး လှုပ်ရှားမှု ၂၀၀ ကျော်ကို စနစ်တကျ ကျင်းပမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် ယခုအကြိမ် ကုန်စည်ပြပွဲ၏ “Belt and Road” တစ်လျှောက်မှ နိုင်ငံများ အထူးလက္ခဏာပါရှိသော ယဉ်ကျေးမှုပြပွဲတွင် ပါဝင်ပြသခဲ့ပါသည်။ မြန်မာ-တရုတ် ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အသင်းမှ အမှုဆောင်ဥက္ကဋ္ဌ ဦးသစ္စာက တရုတ်နိုင်ငံတကာ ဝန်ဆောင်မှု ကုန်သွယ်ရေး ကုန်စည်ပြပွဲသည် မြန်မာ နိုင်ငံ၏ အထူးလက္ခဏာကို ပြသနိုင်သော ပလက်ဖောင်းတစ်ခုဖြစ်ပြီး အခြားနိုင်ငံများက ယင်းပလက်ဖောင်းမှတစ်ဆင့် မြန်မာနိုင်ငံကို ပိုမို လေ့လာသိရှိခွင့် ရရှိစေမည် ဖြစ်သည့်အပြင် မြန်မာနိုင်ငံမှ လုပ်ငန်းကုမ္ပဏီများ နိုင်ငံတကာဈေးကွက်သို့ ဝင်ရောင်ရန် အတွက် အရေးပါသော လမ်းကြောင်းတစ်ခုလည်း ဖြစ်ကြောင်း၊ ယခုအကြိမ် ကုန်စည်ပြပွဲမှ တစ်ဆင့် မြန်မာနိုင်ငံမှ ကုန်ပစ္စည်းနှင့် ယဉ်ကျေးမှုကို ပိုမို ကျယ်ပြန့်စွာ မိတ်ဆက်ပေးနိုင်မည် ဖြစ်ပြီး ဤသို့ဖြင့် မြန်မာနိုင်ငံအား “Belt and Road” တွင် ပိုမို ပါဝင်ဆောင်ရွက်စေကာ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို အတူမျှဝေနိုင်မည် ဖြစ်ကြောင်း China Media Group မှ သတင်းထောက်၏ အင်တာဗျူးကို လက်ခံဖြေကြားရာတွင် ပြောကြားပါသည်။
ကိုဗစ်-၁၉ ရောဂါ၏ ထိခိုက်ဂယက်ရိုက်ခတ်မှုကြောင့် တရုတ်နှင့်မြန်မာအကြား ခရီးသွားလာရေး၊ ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့နေဆဲဖြစ်ပါသည်။ တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ယခုအကြိမ် တရုတ်နိုင်ငံတကာ ဝန်ဆောင်မှု ကုန်သွယ်ရေး ကုန်စည်ပြပွဲ၏ နိုင်ငံတကာ ဝန်ဆောင်မှု ကုန်သွယ်ရေး ထိပ်သီးအစည်းအဝေးတွင် ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားရာတွင် တရုတ်နိုင်ငံသည် “Belt and Road” အတူတည်ဆောက်သည့်နိုင်ငံများ၏ ဝန်ဆောင်မှု လုပ်ငန်း တိုးတက်ရေးကို အားဖြည့် ထောက်ခံမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။ ဦးသစ္စာက မြန်မာနှင့် တရုတ်နှစ်နိုင်ငံအကြား ဝန်ဆောင်မှုနှင့် ကုန်သွယ်ရေး လုပ်ငန်းပြန်လည်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် ပြည့်ပြည့်ဝဝ ယုံကြည်သည်ဟု ဆိုသည်။ ၎င်းက တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်ဖော်ပြသော “Belt and Road” အတူတည်ဆောက်သည့် နိုင်ငံများ၏ ဝန်ဆောင်မှုလုပ်ငန်း တိုးတက်ရေးကို အားဖြည့် ထောက်ခံခြင်းနှင့်ပတ်သက်သော အသေးစိတ်ဆောင်ရွက်မှုများကို လျင်မြန်စွာ လက်တွေ့အကောင်အထည်ဖော်ဆောင်ပြီး နှစ်နိုင်ငံ၏ ဝန်ဆောင်မှု လုပ်ငန်းများ လက်တွဲရှေ့တိုးရန် မျှော်လင့်ကြောင်း၊ နှစ်နိုင်ငံအစိုးရ၏ မှန်ကန်သော လမ်းညွှန်မှုအောက်တွင် သက်ဆိုင်ရာလုပ်ငန်း၏ ပူးပေါင်းဆောင်ရွက်မှုများကို လက်တွေ့ ဖော်ဆောင်ခြင်းသည် ပိုမို နက်ရှိုင်းချောမွေ့စေပြီး နှစ်နိုင်ငံပြည်သူများအကြား ကူးလူး ဖလှယ်မှုကို နက်ရှိုင်းစေကာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို တည်တံ့ခိုင်မြဲစေရန် ယုံကြည်ကြောင်း ပြောပါသည်။
တရုတ်နိုင်ငံ၏ အကြီးဆုံး တံခါးဖွင့်ရေးဆိုင်ရာ ကုန်စည်ပြပွဲ ၃ခုမှ တစ်ခု အဖြစ်နဲ့ တရုတ်နိုင်ငံတကာ ဝန်ဆောင်မှု ကုန်သွယ်ရေး ကုန်စည်ပြပွဲသည် ကမ္ဘာ့ဝန်ဆောင်မှု ကုန်သွယ်ရေးနယ်ပယ်တွင် အတိုင်းအတာကြီးမားသည့် ပြပွဲတစ်ခုဖြစ်လာပြီ ဖြစ်ပြီး တရုတ်နိုင်ငံအား ကမ္ဘာနှင့် ရင်းနှီးစွာ ဆက်စပ်ကာ ကိုဗစ်-၁၉ ရောဂါ၏ ထိခိုက်မှုခံရသော ကမ္ဘာ့စီးပွားရေး တိုးတက်စေရန် တရုတ်အင်အားကို ထည့်သွင်းပေးမည်ဖြစ်ပါသည်။