၂၀၂၁ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ မြန်မာနိုင်ငံစီမံကိန်းများ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပ

CRI, August 11, 2021
Size:

ဒေသစံတော်ချိန် သြဂုတ်လ ၁၀ ရက်နေ့တွင် ၂၀၂၁ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ မြန်မာနိုင်ငံ စီမံကိန်းများ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဗီဒီယိုအသွင်ပုံစံဖြင့် ကျင်းပခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင်နှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ အမှာစကား ပြောကြား၍ စီမံကိန်းစာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ၂၀၁၈ ခုနှစ်မှစပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် မြန်မာနိုင်ငံအတွက် စုစုပေါင်း ၄ ကြိမ်၊ စီမံကိန်း ၇၃ ခုကို ထောက်ခံအားပေးပြီး ဖြစ်သည်။ တရုတ်-မြန်မာ နှစ်ဖက်တို့သည် ယခုအကြိမ်တွင် စတုတ္ထအကြိမ် စီမံကိန်း ၂၁ ခု ပူးပေါင်းဆောင်ရွက်မှု စာချုပ်ချုပ်ဆိုခဲ့ပါသည်။

အခမ်းအနားတွင် သံအမတ်ကြီး ချန်ဟိုင်က လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု စတင်ဆောင်ရွက်သည့်အချိန်မှစ၍ ပြည်သူ့အကျိုးပြုစီမံကိန်း ၅၄၀ ကျော်ကို ထောက်ခံ အားပေးခဲ့ပြီး လန်ချန်း-မဲခေါင် နိုင်ငံအသီးသီးမှ ပြည်သူများအတွက် လက်တွေ့ကျသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင်ရွက်မှုကို ပထမဆုံးအဆိုပြုခဲ့သည့် နိုင်ငံဖြစ်သည့်အပြင် တက်ကြွစွာ ပါဝင်သူနှင့် အကျိုးကျေးဇူးခံစားရသူလည်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ရန်ပုံငွေမှ ထောက်ပံ့သော စီမံကိန်းအရေအတွက်နှင့် ငွေကြေးပမာဏ အများဆုံးရရှိသည့်နိုင်ငံ ဖြစ်ကြောင်း၊ ယင်းစီမံကိန်းများသည် မြန်မာနိုင်ငံ ပြည်သူလူထုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့ လိုအပ်ချက်များနှင့် ကိုက်ညီနေပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ ပြည်သူလူထုဘဝ ကောင်းမွန်လာစေရေးအတွက် ဝန်ဆောင်မှုပေးခြင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အားဖြည့်ပေးခြင်း၊ ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုအား နက်ရှိုင်းစေခြင်း ဟူသည့် အယူအဆများကို ပြသနိုင်ကြောင်း ပြောကြား ခဲ့ပါသည်။

ဦးဝဏ္ဏမောင်လွင်က တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် ထောက်ခံအားပေးမှုကို ကျေးဇူးတင်ရှိကြောင်း၊ ယခုနှစ် ရန်ပုံငွေဖြင့် ထောက်ခံအားပေးသည့် မြန်မာနိုင်ငံ စီမံကိန်းများတွင် လူ့အရင်းအမြစ်၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဘဏ္ဍာရေး စသည့် နယ်ပယ်အများအပြား ပါဝင်ကြောင်း၊ တရုတ်ဘက်က မြန်မာနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေး၏ အရေးကြီးအချိန်အခါတွင် မြန်မာနိုင်ငံ ဇီဝဘေးကင်းမှု တတိယအဆင့် ဓာတ်ခွဲခန်း တည်ဆောက်ရန် ကူညီပေးခဲ့ပါကြောင်း၊ ၎င်းစီမံကိန်းများသည် မြန်မာပြည်သူများကို နောက်တစ်ဆင့် အကျိုးဖြစ်ထွန်းစေမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။