တရုတ် China Railway လက်အောက်က ကူမင်းရထမ်းကုမ္ပဏီအုပ်စု၏ဖော်ပြချက်အရ တရုတ်မြန်မာဆက်သွယ်ရေးလမ်းကြောင်းကြီး၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည့် ယူနန် တာ့လီ-ရွှေလီ ရထားလမ်းတွင် ရှိသော တာ့ဖိုလင်းဥမင်လှိုဏ်ခေါင်းကို ၁၄ နှစ်ကြာ ခက်ခဲပင်ပန်းစွာ တည်ဆောက်ခြင်းဖြင့် ၂၉ ရက်နေ့တွင် အောင်မြင်စွာ တည်ဆောက်ပြီးစီးသွားပြီဖြစ်သည်။
တာ့ဖိုလင်းဥမင်လှိုဏ်ခေါင်းသည် ယူနန်ပြည်နယ် တာ့လီကိုယ်ပိုင်အုပ်ချုပ်ရေးဒေသခွဲအောက်ရှိ ရုံဖျင်ခရိုင်တွင် တည်ရှိပြီး အရှည် ၁၄.၆၆ ကီလိုမီတာ ရှိပြီး China Railway Eighth Group နဲ့ China Railway Twelfth Group က ၎င်း၏ဝင်ပေါက်နှင့် ထွက်ပေါက်ကို အသီးသီး တာဝန်ယူ ဖောက်လုပ်တည်ဆောက်လျက်ရှိသည်။ ၎င်းဥမင်လှိုဏ်ခေါင်းသည် တရုတ်ပြည် အနောက်တောင်ပိုင်းဒေသ လန်ချန်းမြစ် ငလျင်ကျောတွင် တည်ရှိသဖြင့် ဖောက်လုပ်တည်ဆောက်သော ၁၄ နှစ်တွင် ပြင်းအား အဆင့် ၃ အထက် ငလျင် အကြိမ် ၉၀ ကျော် ဖြစ်ပွားခဲ့သည်။
အခက်အခဲမျိုးစုံကြုံတွေ့သော်လည်း တည်ဆောက်သူများသည် အားမလျှော့ဘဲ ထူးဆန်းသော မြေအနေအထားကို သေချာသုံးသပ်ပြီး ဖြစ်နိုင်ခြေပြဿနာများအလိုက် တည်ဆောက်မှုနည်းလမ်းကိုလည်း လိုက်ပြောင်းပြီး ဆောက်လုပ်ခြင်းဖြင့် အခက်အခဲများစွာကို ဖြေရှင်းခဲ့သည်။
တာ့လီ-ရွှေလီရထားလမ်းသည် ၃၃၁ ကီလိုမီတာ ရှည်ပြီး တရုတ်နိုင်ငံ တာရှည်နှင့်တာလတ် ရထားတည်ဆောက်ရေးစီမံကိန်းနှင့် အနောက်ပိုင်းဒေသဖွံ့ဖြိုးခြင်းစီမံကိန်းထဲမှ အရေးကြီးသော စီမံကိန်းတစ်ခု ဖြစ်သည်။ ၎င်းရထားလမ်းကို ဖောက်လုပ်တည်ဆောက်ပြီးလျှင် ယူနန်ပြည်နယ် ပေါင်ဆန်းစီရင်စုဒေသ၊ တယ်ဟုန်တိုင်နှင့် ဂျင်ဖောလူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသခွဲတွင် ရထားလမ်း မရှိသောအခြေအနေကို လုံးဝ အဆုံးသတ်သွားမှာ ဖြစ်ပြီး ယူနန်ပြည်နယ် အနောက်ပိုင်းဒေသ၏ လမ်းပန်းဆက်သွယ်ရေးအခြေအနေကို များစွာကောင်းမွန်စေနိုင်ပါသည်။