ကမ္ဘောဒီးယားနိုင်ငံက တရုတ်နိုင်ငံ၏ Sinovac ကာကွယ်ဆေးဖြင့် ဆယ်ကျော်သက်လူငယ်များအတွက် COVID-19 ကာကွယ်ဆေး ထိုးနှံခြင်း စတင်

Yunnan Gateway, August 2, 2021
Size:

ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံ၏ Sinovac ကာကွယ်ဆေးဖြင့် အသက် ၁၂ နှစ်မှ ၁၇ နှစ်အထိ ဆယ်ကျော်သက်လူငယ်များအတွက် COVID-19 ရောဂါတိုက်ဖျက်ရေး ကာကွယ်ဆေး ထိုးနှံမှုအား ဩဂုတ် ၁ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒတ် တက်ခ်ဟို ဟွန်ဆန် နှင့် အခြား အဆင့်မြင့်ခေါင်းဆောင်များ၏ မြေးများသည် မြို့တော် ဖနွမ်းပင်မြို့ ငြိမ်းချမ်းရေးနန်းတော်ရှိ ကာကွယ်ဆေးထိုးနှံသည့်နေရာ၌ ဆေးထိုးနှံမှု ခံယူခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံမှု စတင်သည့်အခမ်းအနား၌ ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် ဟွန်ဆန်က ကမ္ဘောဒီးယားနိုင်ငံ၌ ဆယ်ကျော်သက်လူငယ် ၂ သန်းခန့် ရှိကြောင်း၊ မိဘများနှင့် တရားဝင်အုပ်ထိန်းသူများအားလုံးကို ၎င်းတို့၏ကလေးများအား ကာကွယ်ဆေးထိုးနှံရေး ပြောကြားခဲ့ကြောင်း သိရသည်။

“ဒီနေ့ ကလေးတွေအတွက် ကာကွယ်ဆေးထိုးနှံတာက လူအုပ်စုအကြား ကိုယ်ခံအား ရရှိစေဖို့ နောက်ထပ် အရေးကြီးတဲ့ ခြေလှမ်းဖြစ်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။ COVID-19 ရောဂါသည် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်မှုအား အပြင်းအထန်ထိခိုက်ကြောင်းနှင့် နိုင်ငံအားလုံးနီးပါး စာသင်ကျောင်းများ ပိတ်ခဲ့ရကြောင်း ဟွန်ဆန်က ထည့်သွင်း ပြောကြားခဲ့သည်။

ဟွန်ဆန်က ဆယ်ကျော်သက်လူငယ်များအတွက် ကာကွယ်ဆေးထိုးနှံခြင်းသည် ဖေဖော်ဝါရီလနှောင်းပိုင်းမှစ၍ ပိတ်ထားခဲ့ရသည့် အလယ်တန်း၊ အထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ကမ္ဘောဒီးယားနိုင်ငံအတွက် လမ်းပွင့်သွားစေမည်ဟု ပြောကြားခဲ့သည်။
အသက်ရှင်သန်ခွင့်သည် ပထမဦးစားပေးဖြစ်ကြောင်းနှင့် အစိုးရက ဆောင်ရွက်သော ခက်ခဲသည့် အစီအမံများအားလုံးသည် လူ့အသက်များကို ကာကွယ်ရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံက အဓိကကာကွယ်ဆေး ထောက်ပံ့ပေးခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၀ ရက်တွင် အရွယ်ရောက်သူများအတွက် ကာကွယ်ဆေးထိုးနှံရေး လှုပ်ရှားမှုအား ပထမဆုံး စတင်ခဲ့ကြောင်း သိရသည်။

ဇူလိုင် ၃၁ ရက်အထိ ရည်ရွယ်ထားသည့် အရွယ်ရောက်သူလူဦးရေ ၁၀ သန်းမှ ၇ ဒသမ ၃ သန်းခန့် သို့မဟုတ် ၇၃ ရာခိုင်နှုန်းသည် ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ် ထိုးနှံထားပြီးဖြစ်ကြောင်း ဟွန်ဆန်က ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံသည် နိုဝင်ဘာလတွင် နိုင်ငံ့လူဦးရေ ၁၆ သန်းအနက် ဆယ်ကျော်သက်လူငယ် ၂ သန်းနှင့် အရွယ်ရောက်သူ ၁၀ သန်း သို့မဟုတ် ၇၅ ရာခိုင်နှုန်းအပါအဝင် ပြည်သူ ၁၂ သန်းအား ကာကွယ်ဆေး ထိုးနှံရန် ရည်မှန်းထားကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန အတွင်းဝန်နှင့် ပြောခွင့်ရပုဂ္ဂိုလ် Or Vandine က အသက် ၁၂ နှစ်မှ ၁၇ နှစ်အရွယ် ဆယ်ကျော်သက်လူငယ်အုပ်စုတွင် Sinovac ကာကွယ်ဆေး အသုံးပြုခြင်းသည် အသက် ၁၈ နှစ်နှင့် အထက်အတိုင်း တူညီကြောင်း ပြောကြားခဲ့သည်။
ဆယ်ကျော်သက်လူငယ်တိုင်းသည် ၂၁ ရက်မှ ၂၈ ရက်ဝန်းကျင်တွင် ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံသည် ဩဂုတ် ၁ ရက်တွင် ပြည်တွင်းကူးစက်သူ ၂၆၅ ဦး အပါအဝင် COVID-19 လူနာသစ် ၆၇၁ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး လူနာပေါင်း ၇၇,၉၁၄ ဦး ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ သေဆုံးသူမှာ ၂၃ ဦး ထပ်တိုးလာပြီး သေဆုံးသူပေါင်း ၁,၄၂၀ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။

ထပ်မံ၍ လူနာ ၇၅၈ ဦးမှာ ပြန်လည်သက်သာကောင်းမွန်လာခဲ့ပြီး ပြန်လည်သက်သာကောင်းမွန်လာသူ စုစုပေါင်းအရေအတွက် ၇၀,၇၅၄ ဦး ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။ (Xinhua)