မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးနှင့် တရုတ်နိုင်ငံ ကွမ်းတုံပြည်နယ် နိုင်ငံခြားရေးရုံးတို့သည် ဇူလိုင်လ ၂၂ ရက်နေ့က ကွမ်းတုံ-အထက်မြန်မာနိုင်ငံ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အတွေ့အကြုံဆွေးနွေးပွဲကို အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ် ဦးခင်စိန်က မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် မြန်မာနိုင်ငံ၏လိုအပ်ချက်အတိုင်း ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးဆိုင်ရာ ကူညီထောက်ပံ့မှုများ ဆက်လက်ပေးအပ်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်စွမ်းကို မြှင့်တင်ရန် အကူအညီပေးမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံသက်ဆိုင်ရာဌာနများ၊ ဒေသန္တရအစိုးရများနှင့်အတူ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးကို ပူးပေါင်းဆောင်ရွက်ပြီး ကိုဗစ်-၁၉ ရောဂါ နိုင်ငံဖြတ်ကျော် ကူးစက်ပြန့်ပွားမှုကို တတ်နိုင်သမျှ တားဆီးကာ မြန်မာ ညီအစ်ကိုမောင်နှမများအား ကိုဗစ်-၁၉ ရောဂါ အလျင်အမြန် အနိုင်တိုက်ဖျက်ရန် အကူအညီပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံ ကွမ်းတုံပြည်နယ်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ပညာရှင် ချင်ဌေးဟို၊ လီယိမင်း၊ ခန်မင်းတို့သည် အွန်လိုင်းမှတစ်ဆင့် ပညာသင်ကြားပို့ချပြီး ဆွေးနွေးခဲ့ကြပါသည်။ မြန်မာနိုင်ငံ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်၊ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်မှူးကြီးလှဦး၊ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးသိန်းဌေးတို့သည် ဆွေးနွေးပွဲသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ကြပါသည်။ အထက်မြန်မာနိုင်ငံ ဒေသအသီးသီးမှ ကျန်းမာရေးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆေးရုံအုပ်ကြီးများ၊ ဆေးဝန်ထမ်းများ၊ တရုတ်အနွယ်ဖွားအသင်းများ၊ တရုတ်စာသင်ကျောင်းများမှ တာဝန်ရှိပုဂ္ဂိုလ်များက အွန်လိုင်းစနစ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ မြန်မာနိုင်ငံရှိ တရုတ်အနွယ်ဖွား ၁၇၀၀ ခန့်သည်လည်း အွန်လိုင်းဖြင့် ဗီဒီယို တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုခဲ့ကြပါသည်။