၂၀၂၁ ခုနှစ် “အာဆီယံမိတ်ဖက်” မီဒီယာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ပီကင်းမြို့တွင် ကျင်းပ

CRI, July 15, 2021
Size:

တရုတ်-အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေးထားရှိသည့် နှစ် ၃၀ ပြည့်မြောက်နှစ် ကျရောက်လာသည့် အခါသမယတွင် China Media Group မှ ဦးစီးကျင်းပသော ၂၀၂၁ ခုနှစ် “အာဆီယံမိတ်ဖက်” မီဒီယာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ဇူလိုင်လ ၁၄ ရက်နေ့က ပီကင်းမြို့တွင် ဖွင့်လှစ်ခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ၊ အယ်ဒီတာချုပ် ရှင့်ဟိုင်ရှုံ သည် ဖိုရမ်သို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။

ရှင့်ဟိုင်ရှုံ က ယခုနှစ်များတွင် China Media Group နှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ မီဒီယာများနှင့် နယ်ပယ်မျိုးစုံ၊ အလွှာမျိုးစုံသော ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်၍ အရပ်ဘက် အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှုကို တိုးမြှင့်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

China Media Group၊ နိုင်ငံ ၁၅ နိုင်ငံမှ မီဒီယာနှင့် အဖွဲ့အစည်း ၃၃ ခုမှ ပြည်တွင်းပြည်ပ ဧည့်သည်တော် ၁၀၀ ခန့်သည် အွန်လိုင်းနှင့် အော့ဖ်လိုင်း နည်းလမ်းဖြင့် ဖိုရမ်သို့ တက်ရောက်ပြီး “မီဒီယာပူးပေါင်းဆောင်ရွက်မှု အားသစ်လောင်းပေးကာ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရေး” ဆောင်ပုဒ်ဖြင့် ဆွေးနွေးခဲ့ကြပါသည်။ ဖိုရမ်တွင် ပူးပေါင်းဆောင်ရွက်မှု အားသစ်လောင်းပေးရေး ပူးတွဲကြေညာစာတမ်းကိုလည်း ထုတ်ပြန်ခဲ့ပါသည်။

ဖိုရမ်တွင် ၂၀၂၁ ခုနှစ် “လမ်ချန်း-မဲခေါင် လေဟာပြင်ရုပ်ရှင်”လှုပ်ရှားမှုကို စတင်ဖွင့်လှစ်ခဲ့ပါသည်။ ယခုနှစ်များတွင် China Media Group အာရှ-အာဖရိက ရေးရာ ဦးစီးဌာနသည် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် မြန်မာ စသည့်နိုင်ငံများမှ ကျေးလက်ဒေသများသို့ သွားရောက်ပြီး ဒေသခံ ၁ သန်းကျော်အတွက် ရုပ်ရှင်ပြသခဲ့ပါသည်။