၅ နှစ်ကြာ တူစုံလက်ညီ လှော်ခတ်ခဲ့သည့်ရလဒ်ကောင်းများဖြင့် အနာဂတ်ခရီးလမ်းကို ရွက်လွှင့်ရှေ့ဆက်ချီတက်မည် — လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ၅ နှစ်ပြည့် အထိမ်းအမှတ်

lmcchina.org, May 19, 2021
Size:

၅ နှစ်ကြာ တူစုံလက်ညီ လှော်ခတ်ခဲ့သည့်ရလဒ်ကောင်းများဖြင့် အနာဂတ်ခရီးလမ်းကို ရွက်လွှင့်ရှေ့ဆက်ချီတက်မည် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု နှစ်ပြည့် အထိမ်းအမှတ်

ဝမ်ယိ

ယနေ့သည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု တည်ထောင်ထားသည့် ၅ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်နေ့ ဖြစ်သည်။

၂၀၁၆ ခုနှစ် မတ်လ ၂၃ ရက်နေ့က လန်ချန်း-မဲခေါင်ပူပေါင်းဆောင်ရွက်မှု ပထမကြိမ်မြောက် ခေါင်းဆောင်များအစည်းအ‌ဝေးကို  ဟိုင်နန်ပြည်နယ် ဆန်းရမြို့တွင်  အောင်မြင်စွာကျင်းပခဲ့ရာ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် စသောနိုင်ငံများ၏ခေါင်းဆောင်များနှင့်အတူ “တစ်‌မြစ်တည်းရေ တူစုံသောက်သုံး၍ ကံကြမ္မာချင်း နီးကပ်စွာ ယှက်နွယ်နေ” ဟူသောစိတ်ဓာတ်ဖြင့် ယင်းဒေသတွင်း‌ ဒေသခွဲ ပူးပေါင်းဆောင်ရွက်မှု ယန္တရားသစ် စတင်ကြောင်း အတူတကွကြေညာခဲ့ပြီး ငြိမ်းချမ်းရေးနှင့် စည်ပင်သာယာ၀ပြောရေးကို မျက်နှာမူသည့် လန်ချန်း-မဲခေါင် မြစ်ဝှမ်းနိုင်ငံများ အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်ရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြပါသည်။ ၅ နှစ်အတွင်း လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် ပျိုးထောင်ကာလ၊ အရှိန်အဟုန်ဖြင့် ကျယ်ပြန့်စွာ ဆောင်ရွက်သည့်ကာလကို ဖြတ်ကျော်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်သည့်အဆင့်သစ်သို့ တက်လှမ်းချီနိုင်ခဲ့ပြီး နိုင်ငံအသီးသီး၏တိုးတက်ရေးအတွက် အားသစ်လောင်းပေးခဲ့သလို လူသားမျိုးနွယ်တို့၏ အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး နမူနာစိုက်ထူနိုင်ခဲ့သည်။

အခန်း ၁

၎င်းမှာ ခိုင်မာသည့်အခြေခံအုတ်မြစ်ကို တည်ဆောက်ခြင်းနှင့် အပြန်အလှန်ယုံကြည်မှု နက်ရှိုင်းလာစေသည့် ၅ နှစ်ကာလ ဖြစ်သည်။ သမ္မတ ရှီကျင့်ဖိန်သည် အိမ်နီးချင်းသံတမန်ဆက်ဆံရေးကို အထူးအလေးထားရာ မဲခေါင်မြစ်ဝှမ်းနိုင်ငံများ၏ခေါင်းဆောင်များနှင့် အကြိမ်ပေါင်းဒါဇင်နှင့်ချီ တွေ့ဆုံဆွေးနွေးခဲ့ရာ နိုင်ငံ ၆ နိုင်ငံများ၏ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုအတွက် ရှေ့ပြေးဦးတည်ဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့သည်။  ဝန်ကြီးချုပ် လီခဲ့ချန်သည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုခေါင်းဆောင်များအစည်းအဝေးတိုင်းသို့ ပါဝင်တက်ရောက်ပြီး မဲခေါင်မြစ်ဝှမ်း ၅ နိုင်ငံခေါင်းဆောင်များနှင့်အတူ အနာဂတ်ရည်မှန်းရာ ပုံပန်းချီကားချပ်ကို အတူရေးဆွဲခဲ့သည်။ နိုင်ငံ  ၆ နိုင်ငံသည် ငြိမ်းချမ်းရေးနှင့် စည်ပင်သာယာ၀ပြောရေးကို မျက်နှာမူသည့် လန်ချန်း-မဲခေါင် မြစ်ဝှမ်းနိုင်ငံများ အေးအတူ ပူအမျှ အသိုက်အဝန်းကို တက်ကြွစွာ တည်ဆောက်ရာ တရုတ်-လာအို၊ တရုတ်-ကမ္ဘောဒီးယား၊ တရုတ်-မြန်မာ စသည့် အေးအတူ ပူအမျှ အသိုက်အဝန်းများကို တစ်ခုပြီးတစ်ခု အကောင်အထည်ဖော်ခဲ့သည်။ ကျွန်တော်တို့သည် ကိုယ့်အားကိုယ်ကိုး၊ ကိုယ်ပိုင်ရပ်တည်ချက်ဖြင့် ကိုယ်တိုင်အင်အားတောင့်တင်းအောင်ဆောင်ရွက်မှုကို လက်ကိုင်ထား၍  အတူညှိနှိုင်း၊ အတူတည်ဆောက်၊ အတူမျှဝေ ဟူသည့်စိတ်ဓာတ်ဖြင့် ငြိမ်းချမ်းတည်ငြိမ်သော၊ ညီညွတ်သင့်မြတ်သော လန်ချန်း-မဲခေါင် ဒေသတွင်းပတ်ဝန်းကျင်ကို ဖန်တီးရန် ကြိုးပမ်းအားထုတ်လျက်ရှိပြီး  ၆ နိုင်ငံများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘုံသာယာဝပြောရေးအတွက် လက်ချင်းချိတ်ဆက်ရှေ့ချီဆောင်ရွက်လျက်ရှိကြသည်။ ကျွန်တော်တို့သည် 《လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ငါးနှစ်လုပ်ငန်းအစီအစဥ် (၂၀၁၈-၂၀၂၂)》ကို ချမှတ်ပြီး ‌ရေသယံဇာတ၊ စိုက်ပျိုးရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးစသည့် ကဏ္ဍများ၏လုပ်ငန်းအစီအဥ်များကို ထက်သန်စွာ အကောင်အထည်ဖော်လျက်ရှိသလို နိုင်ငံဖြတ်ကျော်စီးပွားရေး၊‌ ကုန်ထုတ်စွမ်းအား၊ အပြန်အလှန် ဆက်သွယ်‌ရေး ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများကို ဖိဖိစီးစီးချမှတ်ဆောင်ရွက်လျက်ရှိသည်။ လန်ချန်း-မဲခေါင် ၆ နိုင်ငံ ပူး‌ပေါင်းဆောင်ရွက်မှု အတွင်းရေးမှူးအဖွဲ့ သို့မဟုတ် ညှိနှိုင်းဆောင်ရွက်မှုလုပ်ငန်းဌာနများက ချောမွေ့စွာ ဆက်သွယ်ဆောင်ရွက်လျက်ရှိပြီး ဦးစားပေးကဏ္ဍများတွင် ပူးတွဲလုပ်ငန်းအဖွဲ့များနှင့် လန်ချန်း-မဲခေါင် ရေသယံဇာတ၊ ပတ်ဝန်းကျင်၊ စိုက်ပျိုးရေး၊ လူငယ်ရေးရာကဏ္ဍ ပူးပေါင်းဖလှယ်ရေးစင်တာများတွင် ထိရောက်စွာ လှည့်ပတ်ဆောင်ရွက်လျက်သည်။ ယင်းသို့ ဆောင်ရွက်မှုများသည် ကဏ္ဍအသီးသီး လက်တွေ့ပူးပေါင်းဆောင်ရွက်မှုယန္တရားအာမခံချက်များကို တွန်းအားဖြစ်စေပါသည်။

၎င်းမှာ အရှိန်ယူတည်ဆောက်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူကြံဆောင်ကြသည့် ၅ နှစ်ကာလ ဖြစ်သည်။ ကျွန်တော်တို့သည် “တိုးတက်ရေးကို ဦးစားပေးခြင်း၊ လက်တွေ့ထိရောက်အောင် ဆောင်ရွက်ခြင်း၊ လုပ်ငန်းအခြေပြုခြင်း” ဟူသော လန်ချန်း-မဲခေါင်ပုံစံကို စတင်တည်ထောင်ခဲ့ရာ စီးပွားရေး အပြန်အလှန်ဖြည့်တင်းခြင်းမှ ဖွံ့ဖြိုးရေး အပြန်အလှန်ပံ့ပိုးပေးသည့်အင်အားအဖြစ်သို့ ပြောင်းလဲနိုင်ရန် ကြိုးစားနေပါသည်။ ၅ နှစ်အတွင်း တရုတ်နိုင်ငံ၏စီးပွားရေးစုစုပေါင်းပမာဏသည် ၄၇.၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အတော်အသင့်ပြည့်စုံသည့်လူမှုအဖွဲ့အစည်းကို ဘက်စုံတည်ဆောက်ရာတွင် သမိုင်းဝင် ကြီးမားသည့်အောင်မြင်မှုကို ရရှိခဲ့ပါသည်။ မဲခေါင်မြစ်ဝှမ်း ၅ နိုင်ငံများ၏စီးပွားရေးစုစုပေါင်းပမာဏသည် ၃၀ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့ပြီး လူမှုစီးပွားအဆင့်အတန်းများ အဆက်မပြတ် တိုးတက်လျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ်က တရုတ်နှင့် မဲခေါင်မြစ်ဝှမ်းနိုင်ငံ ၅ နိုင်ငံအကြား ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၂၂.၁ ဘီလီယံရှိပြီး ၂၀၁၅ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၆၆.၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါသည်။ တရုတ်သည် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်ပြီး လာအို၏ဒုတိယအကြီးဆုံးကုန်သွယ်ဖက်ဖြစ်သလို ဗီယက်နမ်သည် တရုတ်၏စတုတ္ထမြောက်အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာသည်။ တရုတ်နိုင်ငံက ဦးစားပေးချေးငွေနှစ်မျိုး၊ ကုန်ထုတ်စွမ်းအားနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သီးသန့်ချေးငွေ ပံ့ပိုး၍ မဲခေါင်မြစ်ဝှမ်းနိုင်ငံများ ကမ္ဘောဒီးယားရှိ စီရန်ရိ အပြည်ပြည်ဆိုင်ရာလေဆိပ်သစ်၊ လာအိုနိုင်ငံရှိ ဗီယင်ကျန်းလျှပ်စစ်စွမ်းအင်ဖြန့်ဖြူးရေးပြုပြင်ပြောင်းလဲမှု၊ ဗီယက်နမ် Yongxin ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံစသည့် အဓိကအခြေခံအဆောက်အဦ စီမံကိန်း ၄၀ ကျော် ကူညီခဲ့ပါသည်။ ထိုင်း ဒူးရင်းသီး၊ ကမ္ဘောဒီးယား ဆန်၊ မြန်မာ ဖရဲသီး၊ လာအို ငှက်ပျောသီးနှင့် ဗီယက်နမ် ငါးတန် (Basa Catfish) စသည့် အရည်အသွေးမြင့် လယ်ယာထွက်ကုန်များက တရုတ်လူမျိုးများ၏စားပွဲပေါ်တွင် ရှိပြီး တရုတ်လုပ်ငန်းများသည် ကမ္ဘောဒီးယားနှင့် လာအိုသို့ သွားကြပြီး စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သရုပ်ပြဇုန်များနှင့် အတူတကွတည်ဆောက်ခဲ့ရာ  ဆန်၊ ရာဘာ၊ အသီးအရွက်နှင့် မွေးမြူရေးထွက်ကုန် အချောကိုင်ထုတ်လုပ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ဖြန့်ဖြူးရေးဆိုင်ရာ အခြေစိုက်နေရာကို တည်ဆောက်ခဲ့ကြသည်။

၎င်းမှာ စည်းလုံးညီညွတ်စွာ စိတ်ဓာတ်ခွန်အား စုစည်းရာ  ချစ်ကြည်ရေး နက်ရှိုင်းစွာ ပျိုးထောင်ရာ ၅ နှစ် ဖြစ်သည်။  ကျွန်တော်တို့သည် ပြည်သူ့အခြေပြုဆောင်ရွက်ရမည့်ခံယူချက်ကို ခိုင်မာစွာ လက်ကိုင်ထား၍ ပူးပေါင်းဆောင်ရွက်မှုရလဒ်များ နိုင်ငံအသီးသီးရှိပြည်သူများ အကျိုးရှိစေရန် ကြိုးပမ်း‌လျက်ရှိသည်။ ၂၀၁၉ ခုနှစ်က တရုတ်-မဲခေါင်မြစ်ဝှမ်းနိုင်ငံများအကြား လူသွားလာ အကြိမ်ရေ သန်း ၅၀ ကျော် ရှိခဲ့ပြီး အပတ်စဉ် ပုံမှန်လေယာဉ်ပြေးဆွဲမှု အကြိမ်ရေ ၃၀၀၀ နီးပါး ရှိသည်။ ၅ နှစ်အတွင်း မဲခေါင်မြစ်ဝှမ်း ၅ နိုင်ငံမှကျောင်းသားကျောင်းသူ ၂၀၀၀၀ ကျော်သည် တရုတ်အစိုးရ ပညာသင်ထောက်ပံ့ကြေးဖြင့် တရုတ်နိုင်ငံတွင် ပညာသင်ကြားခွင့်ရရှိခဲ့သည်။ လန်ချန်း-မဲခေါင် အသက်မွေးကျောင်း ပညာရေးသင်တန်းကျောင်း  ယူနန်ပြည်နယ်တွင် လာရောက်ပညာသင်ယူကြသည့် အလုပ်သမား ၄၀၀၀၀ ကျော် ရှိခဲ့သည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေသည် ပြည်သူလူထုအတွက် အကျိုးရှိမည့်စီမံကိန်းပေါင်း ၅၀၀ ကျော်ကို ဆောင်ရွက်ရန် အထောက်အကူပြုခဲ့ရာ “နေအားလျှပ်စစ်ဓာတ်အားပေးရွာကလေး” ဟူသော စီမံကိန်းဖြင့် နေရောင်ခြည်စွမ်းအင်သုံး photovoltaic နည်းပညာနှင့် ကိရိယာများကို ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံရှိကျေးရွာများသို့ ပို့ဆောင်ပေးနိုင်င်ခဲ့သလို နျူကလီးယားစွမ်းအင် မွမ်းမံသင်တန်းစီမံကိန်းများသည် ဗီယက်နမ်၊ လာအိုစသောနိုင်ငံများမှ လူငယ်များအတွက် နျူကလီးယားစွမ်းအင်စက်ရုံများနှင့် နျူကလီးယားဆေးပညာစသည့် မြို့ပြနည်းပညာများကို သင်ကြားလေ့ကျင့်ပေးခဲ့သည်။ “ဆီထွက်ကမဲလီးယားမျိုးကောင်း ရွေးချယ်စိုက်ပျိုးခြင်းဆိုင်ရာ သုတေသန” စီမံကိန်းသည် တရုတ်နိုင်ငံ ကွမ်ရှီးပြည်နယ်မှ ထိုင်းနှင့် လာအို တောင်တန်းဒေသများတွင် ဆီထွက်ကမဲလီးယားမျိုးကောင်းစိုက်ပျိုးနိုင်ရန် တင်သွင်းပေးခဲ့သည်။  “ကော်ဖီထုတ်လုပ်မှု တိုးမြှင့်ရေးစီမံကိန်း”သည် မြန်မာကော်ဖီစိုက်ပျိုးသူ ၁၁၀၀၀ ကျော်ကို လေ့ကျင့်သင်ကြားပေးခဲ့ရာ မြန်မာကော်ဖီစေ့ထုတ်လုပ်မှု နှစ်ဆတိုးစေသည့်အထောက်အပံ့ ဖြစ်စေခဲ့သည်။ "လန်ချန်း-မဲခေါင် အကျိုးပြုဘယဆေးပင်" "တရုတ်တိုင်းရင်းဆေးပညာနှင့် အပ်စိုက်ကုသပ်နည်း လန်ချန်း-မဲခေါင်သို့" စီမံကိန်းများသည် တိုင်းရင်းဆေးပူးပေါင်းဆောင်ရွက်မှုကို ပြန့်ပွားအောင် အပြုသဘောအကျိုးဆောင်တွန်းအား ဖြစ်စေပါသည်။ ဆင်းရဲနွမ်းပါးသော ရပ်ရွာများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် "လန်ချန်း-မဲခေါင် ‘မိုးတစ်ခြမ်းထမ်းအမျိုးသမီး’ လုပ်ငန်း '' စသော စီမံကိန်းများက ဒေသတွင်းဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် အမျိုးသမီးများ၏ အလုပ်အကိုင်ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးရာရောက်ခဲ့ပါသည်။

၎င်းမှာ တစ်လှေတည်းစီး တစ်ခရီးတည်းသွား၊ အပြန်အလှန်ဖေးမကူညီခဲ့ကြသည့် ၅ နှစ်ကြာကာလ ဖြစ်သည်။ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုသည်  ပထမဦးဆုံး မြစ်ဝှမ်း ၆ နိုင်ငံ အတူပါဝင်သော ရေအရင်းအမြစ်ပူးပေါင်းဆောင်ရွက်မှုပလက်ဖောင်းကို တည်ဆောက်ခဲ့သည်။ ကျွန်တော်တို့သည် လန်ချန်း-မဲခေါင် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှု ၀န်ကြီးအဆင့်အစည်းအဝေးကို အောင်မြင်စွာ ကျင်းပခဲ့ပြီး ရေဘေးအန္တရာယ်ကာကွယ်ရေး၊  နည်းပညာပြန့်ပွားရေးစသည့် လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ မြစ်အထက်ပိုင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည်  လန်ချန်းမြစ် အောက်ပိုင်းသို့ ရေစီးဆင်းမှုပမာဏ သင့်လျော်စွာ ရှိစေဖို့ အာမခံနိုင်ရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို   မဲခေါင်မြစ်ဝှမ်းနိုင်ငံများ၏ လိုအပ်ချက်အလိုက် အရေးပေါ်ရေပေးဝေမှုများလည်း ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် ပြီးခဲ့သည့်နှစ်မှစ၍ လန်ချန်းမြစ် တစ်နှစ်ပတ်လုံးဇလဗေဒဆိုင်ရာ သတင်းအချက်အလက်များကို ဝေမျှပေးခဲ့ပြီး လန်ချန်း-မဲခေါင် ရေအရင်းအမြစ်ပူးပေါင်းဆောင်ရွက်မှုသတင်းအချက်အလက် မျှဝေရေးပလက်ဖောင်း၀က်ဘ်ဆိုက်ကို ဖွင့်လှစ်ခဲ့ကာ မြစ်အောက်ပိုင်းနိုင်ငံများ ရေလွှမ်းမိုးမှုနှင့် မိုးခေါင်ရေရှားမှုများကို ဖြေရှင်းရန် ပံ့ပိုးကူညီခဲ့သည်။ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက ကိုဗစ်-၁၉ ကပ်ရောဂါ ရိုက်ခတ်ဖြစ်ပွားသည့်အခါ ကျွန်တော်တို့နှင့် မဲခေါင်မြစ်ဝှမ်း ၅ နိုင်ငံ၏နိုင်ငံခြားရေးဝန်ကြီးများသည် လာအိုနိုင်ငံ ဗီယန်ကျင်းတွင် ပဉ္စမအကြိမ်မြောက် နိုင်ငံခြားရေး၀န်ကြီးအစည်းအဝေးကို သတ်မှတ်ထားသည့်အချိန်အတိုင်း ကျင်းပသည်။ ယင်းအစည်းအဝေးတွင် နိုင်ငံအသီးသီး နိုင်ငံခြားရေး၀န်ကြီးများက တရုတ်နိုင်ငံ၏  ကပ်ရောဂါတိုက်ဖျက်ရေးကို အတူတကွ အားပေးထောက်ခံခဲ့ကြသည်မှာ အရေးကြီးအချိန်အခါ၌ တရုတ်နိုင်ငံကို ပေးသည့် အဖိုးတန်အားပေးထောက်ခံမှု ဖြစ်သည်။ ၆ နိုင်ငံသည် ထိရောက်အားကောင်းသည့်နည်းလမ်းဖြင့် ကပ်ရောဂါပြန့်ပွားမှုကို တားဆီးခဲ့ကြရာ လန်ချန်း-မဲခေါင်ဒေသ၏ စုစုပေါင်း အတည်ပြုလူနာနှင့် ရောဂါဖြစ်ပွားမှုနှုန်းသည် ကမ္ဘာ့အခြားဒေသများထက် သိသိသာသာ လျော့နည်းခဲ့သည်။ အကြမ်းဖက်ဝါဒ၊ အွန်လိုင်းလောင်းကစား၊ ဆက်သွယ်ရေးလိမ်လည်မှု၊ လူကုန်ကူးခြင်း၊ တရားမ၀င် ရွှေ့ပြောင်းနေထိုင်းခြင်းစသော နိုင်ငံဖြတ်ကျော်ပြစ်မှုများကို ပူးတွဲတိုက်ဖျက်ခဲ့ကြသလို ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျှော့ချရေးကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြရာ နိုင်ငံအသီးသီးပြည်သူလူထု၏အသက်အိုးအိမ်လုံခြုံရေးကို  ကာကွယ်စောင့်ရှောက်ရန်အတွက် ဒေသတွင်း စီမံခန့်ခွဲမှု ပြည့်စုံကောင်းမွန်လာအောင် ”လန်ချန်း-မဲခေါင်ဥာဏ်ပညာ”ဖြင့် စွမ်းဆောင်ခဲ့ကြသည်။

အခန်း ၂

အောင်မြင်မှုများ လွယ်ကူစွာရရှိခြင်းမဟုတ်၊ အဖိုးထိုက်တန်သည့်အတွေ့အကြုံများပင် ဖြစ်သည်။ ၅ နှစ်ကြာ ပူးပေါင်းဆောင်ရွက်မှုသမိုင်းဖြစ်စဉ်ကို ပြန်ပြောင်းသုံးသပ်ကြည့်လျှင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု မူလဆန္ဒနှင့် တာဝန်ကို ကျွန်တော်တို့ အမြဲစွဲမှတ်၍ ယဥ်ကျေးမှုချင်းဆက်နွယ်၊ ပြည်သူချင်းခင်မင်ရင်းနှီးစေသည့် မြေယာကို ထွန်ယက်ကာ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖြစ်ထွန်းရေး၊ ငြိမ်းချမ်းသာယာဝပြောသော ပြည်သူ့အကျိုးစီးပွားဖြစ်ထွန်းရေး အသီးအပွင့်များ ပွင့်လန်းလာစေရန် ဆောင်ရွက်ကြမည် ဖြစ်ပါသည်။  ယင်းသို့ဆောင်ရွက်မှုများသည် မြစ်ဝှမ်းနိုင်ငံအသီးသီး၏ပြည်သူများအတွက် လက်တွေ့အကျိုးစီးပွားများ ဆောင်ကျဉ်းပေးရုံသာမက အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများ တစ်ဆင့်တိုး ပိုမိုခိုင်မာစေမည့်  မိမိတို့အတွက် အဖိုးတန် အတွေ့အကြုံများလည်း ဖြစ်သည်။

ချစ်ခင်ရင်းနှီးသောအိမ်နီးချင်းနိုင်ငံ၊ မိသားစုသဖွယ် ဆက်ဆံရေးကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်သွားကြမည် ဖြစ်သည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် အစဥ်အလာချစ်ကြည်ရေးတွင် အခြေတည်ခြင်း ဖြစ်ပါသည်။ နိုင်ငံကြီးငယ်၊ အင်အားကြီးငယ်၊ ဆင်းရဲချမ်းသာ ဟူ၍ မခွဲခြားဘဲ အားလုံးတန်းတူညီမျှ ရှိရမည့်သဘောထားကို မိမိတို့လက်ကိုင်ထားရာ အပြန်အလှန် အဆင်ပြေအောင် အပြည့်အဝ စောင့်ရှောက်ကြရန်၊  မိမိနိုင်ငံနှင့် လျော်ညီသောဖွံ့ဖြိုးတိုးတက်ရေးလမ်းစဥ်ကို လျှောက်လှမ်းမှုအား ခိုင်မာစွာ ထောက်ခံသလို  မိမိ မနှစ်မြို့သည်ကို သူတစ်ပါးအပေါ်တွင်လည်း မပြုမူ ဟူသည့်မူဝါဒကိုလည်း ခိုင်မာစွာ လက်ကိုင်ကျင့်သုံးလျက်ရှိသည်။ ကျွန်တော်တို့သည် တစ်ဦးနှင့်တစ်ဦး တန်းတူညီတူဆက်ဆံခြင်း၊ စိတ်ရင်းစေတနာမှန်ဖြင့် အပြန်အလှန် ကူညီဖေးမခြင်း၊ အကြောင်းကိစ္စပေါ်သည့်အခါ အမြဲတိုင်ပင်ဆွေးနွေးခြင်း၊ အရေးကိစ္စရှိသည့်အခါ ညှိညှိနှိုင်းနှိုင်း ပြေပြေလည်လည် ဆောင်ရွက်ခြင်း၊ အခြေခံမူကိုလည်း လိုက်နာသလို ချစ်ခင်ရင်းနှီးမှုကိုလည်း တန်ဖိုးထားခြင်း၊ စည်းလုံးချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို အားထုတ်ကြိုးပမ်းဆောင်ရွက်ခြင်း၊ ငြိမ်းချမ်းသင့်မြတ်ရေးကို အားထားခြင်းတို့ဖြင့် သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားခိုရာ အတူအကျိုးဖြစ်ထွန်းရာသို့ မျှော်မှန်းကာ ထာဝစဥ်အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်း၊ ညီအစ်ကိုကောင်းအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ဖွံ့ဖြိုးတိုးတက်ရေး  ဦးစားပေး၍ ဘုံသာယာဝပြောရေးကို ဖော်ဆောင်လိုကြသည့် အများ၏သဘောဆန္ဒနှင့် လျော်ညီသည်။ လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသတွင်း ဒေသခွဲ၌ ဆင်းရဲနွမ်းပါးသည့်လူဦးရေများပြားခြင်း၊ အခြေခံအဆောက်အဦအားနည်းခြင်း၊ ရန်ပုံငွေလိုအပ်ချက် များပြားခြင်းများ ရှိသဖြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးကို ဖော်ဆောင်ရာတွင် တာဝန်ကြီးလေးအလှမ်းဝေးလှပါသည်။ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုသည် ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍများ ရှာဖွေရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရန်အား ပထမ ဦးစားပေးသည့်တာဝန်အဖြစ် သာမန်အရပ်သားပြည်သူများနှင့် နီးကပ်သည့်လုပ်ငန်းဆောင်တာများကို ခိုင်မာစွာ တွန်းအားပေးဆောင်ရွက်ကာ နိုင်ငံအားလုံး၏ဖွံ့ဖြိုးတိုးတက်ရေးအလားအလာကို ကြိုးပမ်းဖော်ဆောင်ခြင်း ဖြစ်သည်။ ကျွန်တော်တို့သည် ပထဝီမြေအနေအထားဆက်နွယ်လျက်ရှိရာ ထုတ်လုပ်မှုလုပ်ငန်းများတွင် တစ်ဦး၏လိုအပ်ချက်ကိုတစ်ဦး အပြန်အလှန်ဖြည့်စွက်နိုင်သည့် အားသာချက်ကို အသုံးပြု၍  အခြေခံအဆောက်အဦအပြန်အလှန်ချိတ်ဆက်ခြင်း၊ အပြန်အလှန်ကုန်သွယ်မှုအား တက်ကြွစွာ တိုးချဲ့ဆောင်ရွက်ခြင်း၊ ဒေသတွင်း စက်မှုလုပ်ငန်းကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက်ကို အဆက်မပြတ် အားဖြည့်ဆောင်ရွက်ခြင်းတို့ဖြင့်  ၆ နိုင်ငံ ဘက်စုံထောင့်စေ့ အရည်အသွေးမြင့်မား ညှိနှိုင်းချိတ်ဆက်သည့် ဖွံ့ဖြိုးတိုးတက်ရေးပုံစံသို့  တွန်းအားပေးဆောင်ရွက်ကြရမည် ဖြစ်သည်။  ပေါင်းစည်းယှက်နွယ်ဖွံ့ဖြိုးတိုးတက်ရေးကို အဆက်မပြတ် နက်ရှိုင်းစွာဆောင်ရွက်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှုတွင် တွန်းအားသစ်ဖြစ်တည်ရေးကို မြှင့်တင်ဆောင်ရွက်ခြင်း၊ အတူတာဝန်ထမ်းဆောင်၊ အတူမျှဝေအကျိုးခံစားနိုင်အောင် ဆောင်ရွက်ကြမည် ဖြစ်သည်။

လူမှုစာပေယဥ်ကျေးမှုချင်း ရင်းနှီးယှက်နွယ်လျက်ရှိသော ဒေသတည်နေရာအားသာချက်ကို အသုံးပြုရမည် ဖြစ်သည်။ လန်ခန်း-မဲခေါင် မြစ်ဝှမ်းနိုင်ငံများသည် သမိုင်းရေသောက်မြစ် နက်ရှိုင်းသလို လူမှုယဉ်ကျေးမှုအဆက်အသွယ် နီးနီးကပ်ကပ်ရှိရာ  နိုင်ငံ ၆ နိုင်ငံ ပြည်သူများသည် မိသားဆွေမျိုးများကဲ့သို့ အမြဲအသွားလာ ရှိကြသည်မှာ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှု၏ ထူးခြားသည့်အားသာချက် ဖြစ်ပါသည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် လူထုဗဟိုပြုမူဝါကို အမြဲတမ်းလိုက်နာကျင့်သုံး၍ လူထုအကျိုးစီးပွားကို ခိုင်မာစွာ ဖော်ဆောင်ခြင်းတို့ဖြင့် ပြည်သူအများ၏အကျိုးခံစားမှုနှင့် ရင်းနှီးကျွမ်းဝင်ရှိမှုကို မပြတ် မြှင့်တင်ဆောင်ရွက်ကြမည် ဖြစ်သည်။ ကျွန်တော်တို့သည် မြစ်ဝှမ်းနိုင်ငံအသီးသီး ပြည်သူလူထု၏ လက်တွေ့လိုအပ်ချက်များအရ ကြိုးပမ်းဆောင်ရွက်မှုတိုင်း အရာရောက်စေမည့် လက်တွေ့ဖော်ဆောင်လိုသည့်စိတ်ဓာတ်ဖြင့်   ပညာရေး၊ ကျန်းမာရေး၊ အမျိုးသမီးများကဏ္ဍနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စသည့် လူနေမှုဘဝများတွင် ရင်းနှီးမြှုပ်နှံမှုများကို မပြတ် တိုးချဲ့ဆောင်ရွက်ရမည် ဖြစ်သည်။ အပြန်အလှန် စိတ်နှလုံးချင်းချိတ်ဆက်၊ စိတ်သဘောထားချင်း ထပ်တူကျသင့်မြတ်စေရန် ကြိုးပမ်းမြှင့်တင်ဆောင်ရွက်ရမည် ဖြစ်သည်။ လန်ချန်း-မဲခေါင်ပူးပေါင်းရွက်မှု ချစ်ကြည်ရေးလုပ်ငန်းအတွက် ပါဝင်ဆောင်ရွက်သူ၊ အကျိုးခံစားရရှိသူ၊ အားပေးသူများ ပိုမိုများပြားအောင် ပျိုးထောင်ပေးကာ လန်ချန်း-မဲခေါင်ပူးပေါင်းရွက်မှု တည်ငြိမ်စွာ အဝေးသို့ ရေရှည်လျှောက်လှမ်းရာအတွက် အားကောင်းသည့်အာမခံမှုကို ပံ့ပိုးပေးကြရမည် ဖြစ်သည်။

တံခါးဖွင့်ပေါင်းစည်းညှိနှိုင်း‌ဖွံ့ဖြိုးရေးသမိုင်းရေစီးကြောင်းနှင့်အညီ ဆောင်ရွက်ကြမည် ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာနှင့် တစ်ဖက်သတ်ဝါဒကို ရင်ဆိုင်ရာတွင် လန်ချန်း-မဲခေါင် မြစ်ဝှမ်းနိုင်ငံ ၆ နိုင်ငံသည် ဘက်ပေါင်းစုံဝါဒနှင့် ဒေသတွင်းစီးပွားရေး တစ်သားတည်းကျစေရေး ဟူသည့် မှန်ကန်သည့် ဦးတည်ချက်ကို အစဉ်အမြဲ ခိုင်မာစွာ လက်ကိုင်ထား၍ “ရပ်၀န်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူတည်ဆောက်ရေး၏အောင်မြင်မှုစံနမူနာကို အတူကြိုးပမ်းတည်ဆောက်လျက်ရှိသည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုနှင့် မြစ် ၃ သွယ် မြစ်ဝှမ်းယန္တရားကို တွန်းအားပေးဆောင်ရွက်ခြင်း၊ မဲခေါင်မြစ် ဒေသတွင်း ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ခြင်း၊ မဲခေါင်မြစ်ကော်မတီ စသည့် ယန္တရားနှင့် အားသာချက်များဖြင့် အားနည်းချက်များကို ပြန်လည်ဖြည့်စွက်၊ အပြန်အလှန်မြှင့်တင်ဆောင်ရွက်ကာ အာဆီယံအကျိုးတူအသိုက်အဝန်းတည်ဆောက်ရန်နှင့် တရုတ်-အာဆီယံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို နက်ရှိုင်းအောင် အတူပံ့ပိုးဆောင်ရွက်ကြမည် ဖြစ်သည်။

အခန်း ၃

ခေတ်သစ်သည် ဆောင်ရွက်ချက်သစ်များကို လုပ်ဆောင်ရန် နှိုးဆော်လျက်ရှိသည်။  လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်နိုင်ငံခြားရေးက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ သံတမန်ရေးရာအတွေးအမြင်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ဆန်းသစ်ချဲ့ထွင်ခြင်း၊ အားမာန်အပြည့်ဖြင့် ရှေ့သို့ လျှောက်လှမ်းခြင်း၏ အသက်ဝင်ထင်ရှားပုံရိပ်များ ဖြစ်ပါသည်။ ရာစုနှစ်ကပ်ရောဂါ၊ အနှစ်တစ်ရာအပြောင်းအလဲများကို ကြုံတွေ့ရာတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် ဒီရေလှိုင်းတွင် ရဲရင့်စွာရပ်တည်ကာ တာဝန်ထမ်းရွက် ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်များဖြင့်  ရှေ့ဆောင်ပြီး ကဏ္ဍအသီးသီးပူးပေါင်းဆောင်ရွက်မှုကို မပြတ်လက်တွေ့ကျကျ နက်ရှိုင်းစွာဆောင်ရွက်၍ ဒေသတွင်း‌ဒေသခွဲမှပြည်သူလူထုအတွက် ပိုမိုကောင်းမွန်သည့် အနာဂတ် ဖန်တီးကြမည် ဖြစ်သည်။

ကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် ရှေ့သို့ လှမ်းချီဆောင်ရွက်ကြမည် ဖြစ်ပါသည်။ ယခု ကပ်ရောဂါကြီး အဆုံးသတ်ရန်မှာ ဝေးလံလှသေးရာ ကပ်ရောဂါတားဆီးရေး၊ အသက်အန္တရာယ်ကာကွယ်ရေးများသည် အောင်မြင်အောင် ဆောင်ရွက်ရမည့်တာဝန်ကြီးတစ်ရပ် ဖြစ်ဆဲပင် ဖြစ်သည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကို နိုင်ငံတကာ ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု စံနမူနာသစ် ဖြစ်အောင် ‌တည်ဆောက်ကာ လူသားမျိုးနွယ်တို့၏ ကျန်မာရေး အကျိုးတူအသိုက်အဝန်းအတွက် အကျိုးပြုဆောင်ရွက်ကြရမည် ဖြစ်ရာ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကို တင်းကျပ်စွာ ဆောင်ရွက်ခြင်း၊ ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်မှုကို အားထားတိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ကပ်ရောဂါတိုက်ဖျက်ရေးတိုက်ပွဲ၏ နောက်ဆုံးအောင်မြင်မှု ရရှိနိုင်ရန် ပံ့ပိုးဆောင်ရွက်ကြရမည် ဖြစ်သည်။ အနာဂတ်စိန်ခေါ်မှုများကို အလေးထားဖြေရှင်းရာတွင် ပြည်သူ့ကျန်းမာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ အရေးကြီးဦးတည်ချက်တစ်ခုအဖြစ် လန်ချန်း-မဲခေါင် ပြည်သူ့ကျန်းမာရေးကဏ္ဍ အထူးရန်ပုံငွေကို အသုံးပြု၍ ကပ်ရောဂါ ကြီးကြပ်စိစစ်စောင့်ကြည့်ရေးနည်းပညာ၊ နိုင်ငံဖြတ်ကျော် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ တိုင်းရင်းဆေးဝါး စသည့်ကဏ္ဍ စီမံကိန်းများ ဆောင်ရွက်ရာတွင် ပံ့ပိုးပေးကာ ၆ နိုင်ငံ ပြည်သူ့ကျန်းမာရေးကဏ္ဍ စွမ်းရည်တည်ဆောက်မှုကို မြှင့်တင်ဆောင်ရွက်ကြရမည် ဖြစ်သည်။

မိတ်ဆွေသင်္ဂဟ မိတ်ဖက်ဆက်ဆံရေးစိတ်ဓာတ်ကို ခိုင်မာစွာ လက်ကိုင်ထားကြသည်။ ဒေသခွဲသည် ကျွန်တော်တို့၏မိသားစုဥယျာဉ် ဖြစ်ပါသည်။ နိုင်ငံတကာအခြေအနေ ရှုပ်ထွေးပြောင်းလဲမှု ပို၍ များပြားလာသည်နှင့်အမျှ ၆ နိုင်ငံ ငြိမ်းချမ်းသာယာဝပြောသော လန်ချန်း-မဲခေါင်နိုင်ငံများ အကျိုးတူအသိုက်အဝန်းကို မျက်နှာမူသည့်တည်ဆောက်မှုများ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ရမည် ဖြစ်သည်။ အဆင့်မြင့်အရာရှိဖလှယ်မှုအရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ခြင်း၊ နိုင်ငံစီမံခန့်ခွဲရေးအတွေ့အကြုံဖလှယ်မှုများကို ထဲထဲဝင်ဝင် ဆောင်ရွက်ခြင်း၊ ကဏ္ဍအသီးသီး ဘက်စုံပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ခြင်း၊ အစဉ်အလာ မဟုတ်သည့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်ခြင်း စသည့် တိုးတက်မှုသစ်များ ရှိအောင် ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ လန်ချန်း-မဲခေါင် ရေအရင်းအမြစ်သည် မြစ်ညာမြစ်ကြေနိုင်ငံများ နီးကပ်စွာ ချိတ်ဆက်ယှက်နွယ်သည့်အရာ ဖြစ်သည့်အလျောက်   ယင်းအရင်းအမြစ်ကို နိုင်ငံအသီးသီးက လျော်ညီစွာ အသုံးချနိုင်သည့် တရားဝင်အခွင့်အရေးကို အပြည့်အဝ လေးစားကြရမည် ဖြစ်သည်။ အပြန်အလှန်ယုံကြည်မှု၊ နားလည်မှု၊ အားပေးထောက်ခံမှု၊ ကူညီစောင့်ရှောက်မှုများ ပေးကြကာ မြစ်ဝှမ်းအထွေထွေစီမံခန့်ခွဲမှုနှင့် ရေအရင်းအမြစ်စီမံနိုင်စွမ်းကို အတူတိုးမြှင့်ဆောင်ရွက်၍ မြစ်ညာမြစ်ကြေ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြသည့်အခြေအနေကို နက်ရှိုင်းစွာ ဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။

အတူဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်တွန်းအားပေးဆောင်ရွက်မည် ဖြစ်ပါသည်။  ဒေသတွင်း စီးပွားရေး တစ်သားတည်း ဖြစ်စေဖို့ မြှင့်တင်ဆောင်ရွက်ကြမည် ဖြစ်ရာ အခြေခံအ‌ဆောက်အဦ ချိတ်ဆက်ရေးနှင့် ကုန်သွယ်ရေးချောမွေ့ရေးကို တွန်းအားပေးဆောင်ရွက်ခြင်းသည် ဒေသခွဲ စက်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးတိုးတက်မှုအတွက် အရေးပါသည့် အနက်အဓိပ္ပါယ် ဆောင်ပါသည်။ 《ဒေသဆိုင်ရာဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှုသဘောတူညီချက်》ကို အမြန်ဆုံး အသက်ဝင်အောင် တွန်းအားပေးဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုနှင့် အပြန်အလှန် ဆက်သွယ်ချိတ်ဆက်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်း၊  တရုတ်-လာအို၊ တရုတ်-ထိုင်း ရထားလမ်း စသည့်စီမံကိန်းကြီးများကို တွန်းအားပေးဆောင်ရွက်ကာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုနှင့် “နိုင်ငံတကာ ကုန်းလမ်းရေလမ်း ကုန်သွယ်ရေးလမ်းကြောင်းသစ်”ကို ချိတ်ဆက်သည့် အသေးစိတ်လမ်းကြောင်းများကို အတည်ပြုဆောင်ရွက်ကြရမည် ဖြစ်သည်။ နယ်စပ်ကုန်သွယ်ရေး၊ နိုင်ငံဖြတ်ကျော် E-commerce၊ စက်မှုဥယျာဉ်ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ ဆောင်ရွက်ကာ လန်ချန်း-မဲခေါင် မြစ်ဝှမ်းစီးပွားရေးရပ်ဝန်းကို အတူတည်ဆောက်ကြမည် ဖြစ်သည်။ ရုတ်ချည်းဖြစ်ပွားသည့်ပြောင်းလဲမှုများကို လျင်မြန်စွာ ရင်ဆိုင်ဖြေရှင်းခြင်း၊ ဖွဲ့စည်းမှုမူဘောင် ပြုပြင်ပြောင်းလဲကို နက်ရှိုင်းစွာဆောင်ရွက်ခြင်း၊ သိပ္ပံနည်းပညာဖန်တီးဆန်းသစ်ခြင်းနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးတို့ဖြင့် ဖွံ့ဖြိုးရေးစွမ်းအင်သစ်ကို ပေါ်ပေါက်လာအောင် ဆောင်ရွက်ရမည် ဖြစ်ပါသည်။

ပြည်သူလူထု သာယာချမ်းမြေ့ရေးကို ခိုင်မာစွာ ကာကွယ်စောင့်ရှောက်ကြမည် ဖြစ်ပါသည်။ ပြည်သူ့လူနေမှုဘဝကဏ္ဍများ၏ပူးပေါင်းဆောင်ရွက်ရေး ထဲထဲဝင်ဝင် ဆောင်ရွက်ကြရမည် ဖြစ်ရာ လယ်ယာစိုက်ပျိုးရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စသည့် ပြည်သူ့လူနေမှုဘဝနှင့် နီးကပ်ဆက်စပ်သည့် စီမံကိန်းများကို ကောင်းမွန်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်သည်။ “လန်ချန်း-မဲခေါင် သဘာဝပတ်ဝန်းကျင် ပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ”ကို အရှိန်မြင့်တင်အကောင်အထည်ဖော်ကာ လေထုအရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ ဇီဝမျိုးကွဲ စုံလင်ရန် ကာကွယ်ထိန်းသိမ်းခြင်း စသည့် ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်ရမည် ဖြစ်သည်။ ပညာရေး၊ ခရီးသွား၊ လူငယ်ရေးရာ စသည့် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများကို တိုးချဲ့ခြင်း၊ ဒေသန္တရပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစွာ ပံ့ပိုးပေးခြင်း၊ သက်ဆိုင်ရာအသင်းအဖွဲ့၊ လုပ်ငန်းနှင့် ပုဂ္ဂလိကအရင်းအမြစ်များ တက်ကြွစွာ ပါဝင်အောင်ဆောင်ရွက်ခြင်းများ ပြုလုပ်ရမည် ဖြစ်သည်။ ပူးတွဲလုပ်ငန်း မဟာမိတ်အဖွဲ့၏တည်ဆောက်မှုကို မြှင့်တင်ဆောင်ရွက်၍ ပူးပေါင်းဆောင်ရွက်မှုမှ အားသစ်မပြတ်တိုးပွားစေရန် ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

တောတောင်ရေမြေဆက်စပ်နေပြီး တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွှတ်စွာ အတူဖေးမကူညီကြရမည် ဖြစ်ပါသည်။ ယခုနှစ်သည် တရုတ်ကွန်မြူနစ်ပါတီတည်ထောင်ခြင်း၏ နှစ်တစ်ရာပြည့် အထိမ်းအမှတ် ဖြစ်သည်။ မတ်လဆန်းတွင် ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) စတုတ္ထအကြိမ်မြောက်အစည်းအဝေးတွင် 《တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းနှင့် ၂၀၃၅ ခုနှစ် ရေရှည်ရည်မှန်းချက် အဓိကမူကြမ်း》ကို အတည်ပြုခဲ့ပါသည်။  တရုတ်နိုင်ငံသည် ဆိုရှယ်လစ်ခေတ်မီနိုင်ငံတော်၏ခရီးလမ်းသစ်ကို ဘက်စုံတည်ဆောက်ရန် စတင်ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းလည်ပတ်မှုကို အဓိကထား၍ ပြည်တွင်းပြည်ပ လည်ပတ်မှုနှစ်ခု အပြန်အလှန် တွန်းအားပေးဆောင်ရွက်မည့် ဖွံ့ဖြိုးတိုးတက်ရေးပုံစံသစ် အရှိန်မြင့်တင်တည်ဆောက်လျက်ရှိသည်။ ၎င်းမှာ တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏ အဆင့်သစ်ဖြစ်သလို လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ အခွင့်အလမ်းသစ်လည်း ဖြစ်သည်။ ကျွန်တော်တို့သည် မဲခေါင်မြစ်ဝှမ်းနိုင်ငံအသီးသီးနှင့်အတူ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးသစ်ကို လွှင့်ထူ၍ ပို၍ လုံခြုံတည်ငြိမ်သည့် အေးချမ်းသာယာဝပြောသည့် ချမ်းမြေ့သာယာသည့် လန်ချန်-မဲခေါင်းဒေသဖြစ်အောင် ကြိုပမ်းတည်ဆောက်သွားကာ လူသားမျိုးနွယ်တို့၏ အကျိုးတူအသိုက်အဝန်းအတွက် အကျိုးသစ်များကို ဖော်ဆောင်ပေးသွားမည် ဖြစ်ပါသည်။