မေလ ၂ ရက်နေ့တွင် တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ အကူအညီပေးအပ်သည့် COVID-19 ကာကွယ်ဆေး အလုံးရေ ၅ သိန်း မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်ရောက်ရှိပါသည်။ COVID-19 ကပ်ရောဂါဖြစ်ပွားသည့်အချိန်ကစပြီး တရုတ်-မြန်မာနှစ်နိုင်ငံသည် ထိရောက်သည့် ကပ်ရောဂါကာကွယ်ထိန်းချုပ်ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်ခဲ့ပါသည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ ကပ်ရောဂါကာကွယ်ရေးပစ္စည်းများစွာ ကူညီပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံ ကပ်ရောဂါကာကွယ်ရေးလုပ်ငန်းကို လာရောက်ကူညီရန်အတွက် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များအဖွဲ့ကို ကြိမ်ဖန်များစွာ စေလွှတ်ခဲ့ပါသည်။ ယခုအကြိမ် ကာကွယ်ဆေးလှူဒါန်းပေးအပ်မှုသည် တရုတ်နိုင်ငံက ယခုနှစ်ဆန်းပိုင်း၌ ကတိပေးထားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ကပ်ရောဂါကာကွယ်ထိန်းချုပ်သည့်အရေးပါအချိန်ကာလ၌ လွှဲပြောင်းပေးအပ်ခြင်းသည် တရုတ်-မြန်မာ အပြန်အလှန် ဖေးမကူညီသည့် ဆွေမျိုးပေါက်ဖော်သံယောဇဉ်နှင့် အေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကို ပေါ်လွင်စေပါသည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ လှူဒါန်းသည့်ကာကွယ်ဆေးများသည် မြန်မာနိုင်ငံပြည်သူများ၏ အသက်နှင့် ကျန်းမာရေးကို ကာကွယ်ပေးရန်နှင့် မြန်မာနိုင်ငံ COVID-19 ကပ်ရောဂါတိုက်ဖျက်မှု အောင်နိုင်ရေးအတွက် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်နိုင်မည်ဟု မျှော်လင့်ပါသည်။