လန်ချန်း-မဲခေါင်စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှု - ထွန်ယက်စိုက်ပျိုးသည့် ၅ နှစ်ကြာကာလ

lmcchina.org, April 9, 2021
Size:

ယခုနှစ်သည် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်သည့်ပဉ္စမမြောက်နှစ် ဖြစ်ပြီး စိုက်ပျိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးသည် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု၏ဦးစားပေးကဏ္ဍ ၅ ခုထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။ လန်ချန်း-မဲခေါင်ဒေသတွင်းဒေသခွဲတွင် ပထဝီရာသီဥတုအခြေအနေများ ကောင်းမွန်ပြီး သဘာဝသယံဇာတ ပေါများကြွယ်ဝသည်။ နိုင်ငံ ၆ နိုင်ငံသည် ဆင်းရဲနွမ်းပါးမှုနှင့် ငတ်မွတ်ခေါင်းပါးမှုကို အတူတကွဖြေရှင်းရန်၊ စားနပ်ရိက္ခာဘေးကင်းရေးနှင့် အာဟာရအာမခံပေးရန်၊ စိုက်ပျိုးရေးထုတ်လုပ်မှုစွမ်းရည် မြှင့်တင်ဆောင်ရွက်ရန်နှင့် ကျေးလက်ဒေသရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန် ပြင်းပြသည့်ဆန္ဒ ရှိကြရာ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ချက်မှာ များပြားလှသည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုယန္တရားအောက်တွင် နိုင်ငံ ၆ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်ကဏ္ဍအလားအလာမှာ ကျယ်ပြန့်မှု ရှိသည်။

ယန္တရားတည်ဆောက်ရေး ပိုမိုပြည့်စုံကောင်းမွန်လာသည်။ နိုင်ငံ ၆ နိုင်ငံ၏ စိုက်ပျိုး‌ရေးပူးပေါင်းဆောင်ရွက်မှု မူဝါဒဖလှယ်ရေးနှင့် မဟာဗျူဟာချိတ်ဆက်ရေးတွင် ညှိနှိုင်းတွန်းအားပေးဆောင်ရွက်ရန် ရည်ရွယ်ပြီး ၂၀၁၇ ခုနှစ်တွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုစိုက်ပျိုးရေးပူးတွဲအလုပ်အဖွဲ့ကို တည်ထောင်ခဲ့သည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် လန်ချန်း-မဲခေါင် စိုက်ပျိုးရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုစင်တာကို  တရားဝင် တည်ထောင်ခဲ့သည်။ ၎င်းသည် ဒေသတွင်းဒေသခွဲ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ရေရှည်ဖွံဖြိုးတိုးတက်‌စေရန် ရည်ရွယ်၍ ဒေသဆိုင်ရာညှိနှိုင်းထောက်ပံ့ရေးအဖွဲ့အဖြစ် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရန် တွန်းအားပေးဆောင်ရွက်ခဲ့သည်။

ထိပ်တန်းအစီအစဉ်ပဏာမပုံပေါ်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် လန်ချန်း-မဲခေါင် မြစ်ဝှမ်းနိုင်ငံ ၆ နိုင်ငံ၏စိုက်ပျိုးရေးဌာနသည် 《လန်ချန်း-မဲခေါင် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာသုံးနှစ်အစီအစဥ်(၂၀၂၀-၂၀၂၂)》ကို တရားဝင် အတည်ပြုခဲ့ပါသည်။ နိုင်ငံ ၆ နိုင်ငံသည် စိုက်ပျိုးရေး‌မူဝါဒတွေ့ဆုံဆွေး‌နွေးရေး၊ စိုက်ပျိုးရေးထုတ်ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးထုတ်ကုန်ကုန်သွယ်ရေးနှင့် စိုက်ပျိုးရေးပုဂ္ဂလိကကဏ္ဍများ၏ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး၊ စွမ်းရည်မြှင့်တင်ရေး၊ အသိပညာမျှဝေရေးနှင့် အခြားဦးစားပေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု စသည့်နယ်ပယ်တွင် အားဖြည့်ဆောင်ရွက်ကာ အဖွဲ့ဝင်နိုင်ငံများ၏စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုအဆင့်ကို အတူတကွမြှင့်တင်ဆောင်ရွက်ကြမည် ဖြစ်သည်။ 

နည်းပညာဖလှယ်မှုဖြင့် ဘက်ပေါင်းစုံအကျိုးဖြစ်ထွန်းအောင်ဆောင်ရွက်ကြမည် ဖြစ်သည်။  မျိုးကောင်းသီးနှံစမ်းသပ်ခြင်းစခန်း၊ စိုက်ပျိုးရေးသရုပ်ပြဥယျာဉ်ဇုန် စသည့်ပလက်ဖောင်းများဖြင့် အဖွဲ့ဝင်နိုင်ငံများအကြား မျိုးကောင်းသီးနှံနှင့် နည်းပညာသရုပ်ပြမှု ပြန့်ပွားအောင်ဆောင်ရွက်ပြီး ဒေသခံများ၏စိုက်ပျိုးရေးထွက်ကုန် တိုးပွားအောင်နှင့် ဝင်ငွေတိုးမြှင့်အောင် ဆောင်ရွက်ကြမည် ဖြစ်သည်။ အပူပိုင်းစိုက်ပျိုးရေးကဏ္ဍ လူရည်ချွန်ပျိုးထောင်ပေးရေး၊ နိုင်ငံဖြတ်ကျော်တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေး၊ ဇီဝဓာတ်ငွေ့၊ ပိုးသတ်ဆေး အန္တရာယ်စီမံခန့်ခွဲမှု စသည့်နယ်ပယ်တွင် လေ့ကျင့်ဖလှယ်မှုများ ဆောင်ရွက်ကာ  နိုင်ငံအသီးသီး စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်‌မှုအတွက် အတွေ့အကြုံနှင့် အသိပညာ မျှဝေပေးခဲ့သည်။

“သီးထွက်ကောင်း လန်ချန်း-မဲခေါင်” စီမံကိန်းများကို  တည်ငြိမ်စွာ ပုံမှန်ရှေ့တိုး ဆောင်ရွက်လျက်ရှိသည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရံပုံငွေအထောက်အပံ့ဖြင့် နိုင်ငံ ၆ နိုင်ငံသည် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုစီမံကိန်း ၁၀၀ ကျော်ကို ဆောင်ရွက်ခဲ့ရာ ဆန်၊ ရာဘာ၊  အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရေး၊ ပင်ဖျက်‌ရောဂါနှင့် ပိုးမွှားကာကွယ်တိုက်ဖျက်ရေး၊ မွေးမြူရေးလုပ်ငန်း၊ ငါးလုပ်ငန်းဆိုင်ရာဂေဟစနစ်ထိန်းသိမ်းရေး၊ စိုက်ပျိုးရေးထုတ်ကုန်အချောကိုင်လုပ်ငန်း၊ ကုန်သွယ်ရေးမြှင့်တင်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ စွမ်းရည်မြှင့်တင်‌ရေး စသည့်ကဏ္ဍများတွင် ရလဒ်များစွာ ရရှိခဲ့သည်။

စိုက်ပျိုးရေးကဏ္ဍကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးသည် အခက်အခဲများအကြားတွင် တိုးတက်မှုရှိခဲ့ပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ သက်ရောက်မှု ရှိခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်က တရုတ်နိုင်ငံနှင့် မဲခေါင်မြစ်ဝှမ်း ၅ နိုင်ငံအကြား စိုက်ပျိုးရေးကုန်သွယ်မှုမှာ စုစုပေါင်း ကန်ဒေါ်လာ ၂၃.၇၅ ဘီလီယံ ရှိရာ ကာလတူထက် ၁၂ ရာခိုင်နှုန်း တိုးတက်လာပါသည်။ ယင်းတို့အနက် သွင်းကုန်တန်ဖိုးစုစုပေါင်း ကန်ဒေါ်လာ ၁၃.၀၈ ဘီလီယံနှင့် ပို့ကုန်တန်ဖိုး စုစုပေါင်း ကန်ဒေါ်လာ ၁၀.၆၆ ဘီလီယံ ရှိရာ ကာလတူထက် ၁၆.၅ ရာခိုင်နှုန်းနှင့် ၇ ရာခိုင်နှုန်း အသီးသီးတိုးတက်လာပါသည်။

အတွေ့အကြုံနှင့် ရလဒ်များကို အနှစ်ချုပ်သုံးသပ်သည့်တစ်ချိန်တည်းတွင်ပင် လန်ချန်း-မဲခေါင် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုသည် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်ရသဖြင့် ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုးအားကောင်းအောင် စဉ်ဆက်မပြတ်အားဖြည့်မြှင့်တင်ဆောင်ရွက်ရန် လိုအပ်ပေသည်။