၉ ကြိမ်မြောက် လန်ချန်း-မဲခေါင်မြစ်ဝှမ်းတစ်လျှောက်နိုင်ငံများ ယဉ်ကျေးမှုအနုပညာပွဲတော် ဖွင့်လှစ်

CRI, March 26, 2021
Size:

၉ ကြိမ်မြောက် လန်ချန်း-မဲခေါင်မြစ်ဝှမ်းတစ်လျှောက်နိုင်ငံများ ယဉ်ကျေးမှုအနုပညာပွဲတော်ကို ယခုလ ၁၂ ရက်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ကျင်ဟုန်မြို့တော်၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ထိုနေ့က တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် စသည့်နိုင်ငံမှ ဧည့်သည်တော် ၆၅ ဦးနှင့် ထောင်နှင့်ချီသောပရိသတ်များသည် လန်ချန်းမြစ်ဘေးတွင် လန်ချန်း-မဲခေါင်မြစ်ဝှမ်းတစ်လျှောက်နိုင်ငံများမှ အနုပညာရှင်များ တင်ဆက်ပြသသော အနှစ်သာရရှိသောဖျော်ဖြေပွဲကို ကြည့်ရှုခဲ့ကြပါသည်။

ယခုအကြိမ်ပွဲတော်သည် ၄ ရက်ကြာမည်ဖြစ်ပြီး လန်ချန်း-မဲခေါင်မြစ်ဝှမ်းတစ်လျှောက် စားကောင်းသောက်ဖွယ်များယဉ်ကျေးမှုပွဲတော်၊ ယူနန်ယဉ်ကျေးမှုဆန်းသစ်တီထွင်ရေး ကုန်ပစ္စည်းနှင့်ဒြပ်မဲ့ယဉ်ကျေးမှုပြပွဲ၊ တတိယအကြိမ် ရှစ်ဆောင်ပဏ္ဏား နိုင်ငံတကာပန်းချီပြပွဲ စသည့်လှုပ်ရှားမှုများကို ကျင်းပမည်ဖြစ်သည်။