တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်သော မန္တလေး-ကျောက်ဖြူရထားလမ်းစီမံကိန်း ဖြစ်မြောက်နိုင်ခြေ လေ့လာမှုဆိုင်ရာနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

Yunnan Gateway, March 21, 2021
Size:

တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်သောမြန်မာနိုင်ငံမန္တလေး-ကျောက်ဖြူရထားလမ်းစီမံကိန်း ဖြစ်မြောက်နိုင်ခြေ လေ့လာမှု(Feasibility Study) ဆိုင်ရာနားလည်မှုစာချွန်လွှာအား ဇန်နဝါရီ ၁၀ ရက်တွင် နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှသိရသည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးမစ္စတာချန်းဟိုင်က နှစ်ဦးနှစ်ဖက်ရထားလမ်းကဏ္ဍပူးပေါင်းဆောင်ရွက်မှုသည် ကပ်ရောဂါအခြေအနေကို ကျော်လွှား၍ ဆက်တိုက်တွန်းအားပေးဆောင်ရွက်လျက်ရှိရာ အောင်မြင်မှုများသည် အလွယ်တကူရရှိလာခြင်း မဟုတ်ကြောင်း၊ ယင်းသည် တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်းစိတ်ဓာတ်ကို သက်ဝင်လှုပ်ရှားစွာဖော်ပြနေခြင်း ဖြစ်ကြောင်း၊ တရုတ်ပြည်တွင်းယူနန်တာလီမှ ရွှေလီအထိ ရထားလမ်းပိုင်းသည် ၂၀၂၃ ခုနှစ်ကုန်တွင် ဖောက်လုပ်ပြီးစီး၍ ရထားပြေးဆွဲနိုင်မည် ဖြစ်ပြီး တရုတ်-မြန်မာနယ်စပ်အထိ ပေါက်ရောက်မည် ဖြစ်ကြောင်း၊ တရုတ်-မြန်မာရထားလမ်းချိတ်ဆက်ခြင်းနှင့် မြန်မာနိုင်ငံပြည်တွင်းရထားလမ်းဖောက်လုပ်ခြင်းသည် မြန်မာနိုင်ငံနှင့် လူဦးရေ ၁.၄ ဘီလီယံ ရှိသောကြီးမားသည့်စျေးကွက်ကြီး၊ ကျယ်ပြန့်သောအာရှ-ဥရောပကုန်းမြေ(Eurasia)ကို ပိုမိုနီးကပ်စွာ ချိတ်ဆက်ပေးနိုင်မည်ဖြစ်ကြောင်း၊ မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထုဘဝကောင်းမွန်လာရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံပြည်တွင်းအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အားဖြည့်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


အဆိုပါနားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့ သမ္မတနိုင်ငံသံအမတ်ကြီးမစ္စတာချန်းဟိုင်နှင့် မြန်မာနိုင်ငံပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင်၏ရှေ့မှောက်၌ China Railway Eryuan Engineering Group Co.,Limited မြန်မာနိုင်ငံအမှုဆောင်ကိုယ်စားလှယ် M. Wang Guoliang နှင့် မြန်မာနိုင်ငံပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအထွေထွေမန်နေဂျာဦးအောင်ဝင်းတို့က လက်မှတ် ရေးထိုးခဲ့ကြောင်းသိရသည်။



ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင်က မန္တလေး-ကျောက်ဖြူရထားလမ်းပိုင်းအပါအဝင် တရုတ်-မြန်မာရထားလမ်းပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံ “The Belt and Road” နှင့် စီးပွားရေးစင်္ကြံ အတူတကွ တည်ဆောက်ရေး၏အရေးပါစီမံကိန်း ဖြစ်ရာ မြန်မာနိုင်ငံမှ များစွာအလေးထားကြောင်း၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ရထားလမ်းလုပ်ငန်းအပေါ် ကာလကြာရှည်စွာ ထောက်ခံအားပေးကူညီသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ ရထားလမ်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံပြည်သူများကို အကျိုးကျေးဇူးများခံစားရစေမည်ဟု ယုံကြည်ကြောင်း၊ တရုတ်-မြန်မာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည်လည်း ပူးပေါင်း ဆောင်ရွက်မှုအတွင်း ပိုမိုနက်ရှိုင်းလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏မြန်မာနိုင်ငံသို့ခရီးစဉ်လာရောက်စဉ်အချိန်က China Railway Eryuan Engineering Group Co.,Limited မှ မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသို့ မူဆယ်-မန္တလေးရထားလမ်း ဖြစ်မြောက်နိုင်ခြေလေ့လာမှုအစီရင်ခံစာ တင်ပြခဲ့ကြောင်း၊ တစ်နှစ်တာကာလအတွင်း နှစ်ဦးနှစ်ဖက်အတူ နည်းပညာအစီအစဉ်နှင့် ငွေကြေးထည့်ဝင်မှုနည်းလမ်းများနှင့်စပ်လျဉ်း၍ နက်နက်ရှိုင်းရှိုင်းဆွေးနွေးခဲ့ကြောင်းနှင့် ယခုအကြိမ်တွင် နှစ်ဦးနှစ်ဖက်သည် မန္တလေး-ကျောက်ဖြူရထားလမ်းပိုင်း ဖြစ်မြောက်နိုင်ခြေလေ့လာမှုကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။