ကမ္ဘောဒီးယားနိုင်ငံ

lmcchina.org, March 21, 2021
Size:

ကမ္ဘောဒီးယားနိုင်ငံသည် အေးချမ်းသာယာပြီး သမိုင်းကြာရှည်သောနိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ မဲခေါင်မြစ်သည် ကမ္ဘောဒီးယားနိုင်ငံမြောက်ပိုင်းမှ တောင်ပိုင်းသို့ စီးဆင်းလျက်ရှိပါသည်။ မဲခေါင်မြစ်သည် ကမ္ဘောဒီးယားနိုင်ငံတွင် အကြီးဆုံးမြစ်တစ်သွယ်ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံအတွင်းတွင် ကီလိုမီတာ ၅၀၀ ရှည်လျားပါသည်။ မဲ‌ခေါင်မြစ်သည် ကမ္ဘောဒီးယားနိုင်ငံ ကုန်းတွင်းပိုင်း ရေကြောင်းပို့ဆောင်ရေးအတွက် အရေးအကြီးဆုံးသောတာဝန်များကို ထမ်းဆောင်ပါသည်။ ကမ္ဘောဒီးယားနိုင်ငံ၏အဓိက‌ရေကြောင်းကွန်ယက်ကိုလည်း ဖွဲ့စည်းထားပါသည်။

ပထမကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးအကြီးအကဲအစည်းအဝေးကို ၂၀၁၆ ခုနှစ် မတ်လ ၂၃ ရက်နေ့၌ Hainan ပြည်နယ် Sanya မြို့တွင် ကျင်းပခဲ့ပါသည်။ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဟွန်ဆန်သည် ၎င်းအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ ဒုတိယကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးအဆင့်အစည်းအဝေးကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့၌ ကမ္ဘောဒီးယားနိုင်ငံ စီရမ်ရိမြို့တွင် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ နိုင်ငံတော်နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီး H. E. Mr. PRAK Sokhonn သည် ၎င်း အစည်းအဝေးသို့ ပါဝင်တက်ရောက်ပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးသည် ဒေသတွင်းနိုင်ငံများ၏ဘုံဆန္ဒ ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံသည် လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင်ရွက်ရေးတွင် အရေးကြီးသောအခန်းကဏ္ဍသို့ ပါဝင်ကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး စတင်ဖွဲ့စည်းခဲ့သည့်အချိန်ကစပြီး ထူးခြားသောအောင်မြင်မှုရလဒ်များ ရရှိခဲ့ကြောင်း၊ ပထမတစ်သုတ် စီမံကိန်းများသည် ချောမွေ့စွာအကောင်အထည်ပေါ်လာကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး၏လက်တွေ့ကျပြီး ထိရောက်သောသွင်ပြင်လက္ခဏာများကို အပြည့်အဝထင်ဟပ်ကြောင်း ပြောကြားခဲ့ပါသည်။


နိုင်ငံတော်အလံ

အခြေအနေအကျဥ်းချုပ်

ကမ္ဘောဒီးယားနိုင်ငံသည် အင်ဒိုချိုင်းနားကျွန်းဆွယ်တောင်ပိုင်းတွင် တည်ရှိပြီး အကျယ်အဝန်းမှာ စတုရန်းကီလိုမီတာ ၁.၈၁ သိန်း ဖြစ်ပါသည်။ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံနှင့် နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိပါသည်။ မြို့တော်မှာ ဖနွမ်းပင်မြို့ ဖြစ်ပါသည်။ လူဦးရေမှာ ၁၅ သန်းခန့် ရှိပါသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် လူမျိုး ၂၀ ကျော် ရှိရာ ခမာလူမျိုးသည် အဓိကလူမျိုး ဖြစ်ပြီး တစ်နိုင်ငံလုံး လူဦးရေ၏ ၈၀ ရာခိုင်နှုန်း ရှိပါသည်။ အခြားလူမျိုးများသည် ချမ်လူမျိုး၊ လာအိုလူမျိုး၊ ထိုင်းလူမျိုး စသည်တို့ ဖြစ်ပါသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ရုံးသုံးဘာသာစကားသည် ခမာဘာသာစကား ဖြစ်၍ အင်္ဂလိပ်ဘာသာစကား၊ ပြင်သစ်ဘာသာစကားလည်း သုံးနှုန်းပြောဆိုကြပါသည်။ ဗုဒ္ဓဘာသာသည် နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းထားကာ လူဦးရေ၏ ၉၃ ရာခိုင်နှုန်းကျော်သည် ကိုးကွယ်ကြပါသည်။ ချမ်လူမျိုးသည် အစ္စလာမ်ဘာသာကို ကိုးကွယ်ကြကာ မြို့သူမြို့သားအချို့သည် ကက်သလစ်ဘာသာကို ကိုးကွယ်ကြပါသည်။ အဓိကအသုံးပြုငွေကြေးသည် ရီယဲ ဖြစ်သည်။


သမိုင်းအကျဥ်းချုပ်

အေဒီပထမရာစုတွင် စတင်တည်ထောင်ခဲ့ပါသည်။ ဖူနန်းခေတ်၊ ချန်နလာခေတ်၊ အန်ကောခေတ် စသည်တို့သည် ခေတ်အဆက်ဆက်တွင် ဆင်းသက်လာခဲ့ပါသည်။ အန်ကောခေတ်(၉ ရာစု-၁၄ ရာစု) သည် ထင်ရှားကျော်ကြားသောခေတ်တစ်ခေတ် ဖြစ်ပြီး တိုင်းပြည်အင်အား ကြီးမား၍ ယဥ်ကျေးမှုလည်း ထွန်းကားလှပါသည်။ ကမ္ဘာကျော် အန်ကောယဥ်ကျေးမှုကိုလည်း ဖန်တီးခဲ့ပါသည်။ ၁၉၅၃ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့က လွတ်လပ်ရေး ရရှိခဲ့ပါသည်။ ၁၉၉၃ ခုနှစ် မေလတွင် ပထမအကြိမ် နိုင်ငံလုံးကျွတ် အထွေအထွေရွေးကောက်ပွဲကို ကျင်းပပြီး စက်တင်ဘာလတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဋ္ဌာန်းခဲ့ပါသည်။ တစ်ချိန်တည်းတွင်ပင် ကမ္ဘောဒီးယားဘုရင်နိုင်ငံသို့ နာမည်ပြောင်းလဲလာခဲ့ပါသည်။ ၁၉၉၈ ခုနှစ်၊ ၂၀၀၃ ခုနှစ်၊ ၂၀၀၈ ခုနှစ်၊ ၂၀၁၃ ခုနှစ်၊ ၂၀၁၈ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူပါတီသည် ဆက်တိုက်အောင်မြင်ပြီး ဟွန်ဆန်သည် နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ဆက်တိုက် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၀၀၄ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့က ဘုရင် နိုရိုဒွန် သီဟာနုသည် ပေကျင်းမြို့၌ ထီးနန်းစွန့်ကြောင်းကို ကြေညာခဲ့ပါသည်။ ၁၄ ရက်နေ့က သားတော် နိုရိုဒွန် သီဟာမုနိအား ဘုရင်သစ်အဖြစ် နန်းလွှဲပေးခဲ့ပါသည်။ ၂၉ ရက်နေ့က ဘုရင် နိုရိုဒွန် သီဟာမုနိသည် နန်းတော်တွင် နန်းတက်ခဲ့ပါသည်။


မြို့တော်

မြို့တော်ဖနွမ်းပင်မြို့သည် ကမ္ဘောဒီးယားနိုင်ငံ၏နိုင်ငံရေး၊ စီးပွားရေး၊ ယဥ်ကျေးမှုဗဟို ဖြစ်၍ ပြည်တွင်းပြည်ပလေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်း သယ်ယူပို့ဆောင်ရေးအချက်အချာလည်း ဖြစ်ပါသည်။ အကျယ်အဝန်းမှာ ၆၇၈.၄၆ စတုရန်းကီလိုမီတာ ဖြစ်ပြီး လူဦးရေမှာ နှစ်သန်းကျော် ရှိပါသည်။ ဖနွမ်းပင်မြို့သည် ကမ္ဘောဒီးယားနိုင်ငံအလယ်ပိုင်းမြေပြန့်လွင်ပြင်၊ မဲခေါင်မြစ်၊ Tonle Sap မြစ်နှင့် Basa မြစ်တို့၏မြစ်ဆုံးရာနေရာတွင် တည်ရှိပါသည်။ ၁၄၃၄ ခုနှစ်တွင် မြို့တော်အဖြစ် သတ်မှတ်ထားပါသည်။ နာမည်ကျော်ကြားသောအဆင့်မြင့်ပညာရေးအဖွဲ့အစည်းများသည် ဖနွမ်းပင်တော်ဝင်တက္ကသိုလ်၊ ဖနွမ်းပင်တော်ဝင်အနုပညာတက္ကသိုလ်၊ ကမ္ဘောဒီးယားအမျိုးသား စီမံအုပ်ချုပ်ရေးတက္ကသိုလ်တို့ ဖြစ်ပါသည်။ သုတေသနဌာနများသည် တော်ဝင်သုတေသနဌာန၊ ကမ္ဘောဒီးယားပူးပေါင်းဆောင်ရွက်ရေးနှင့်ငြိမ်းချမ်းရေးသုတေသနဌာနတို့ ဖြစ်ပါသည်။ စိတ်ဝင်စားဖွယ်နေရာများသည် တော်ဝင်နန်းတော်၊ အမျိုးသားပြတိုက်၊ လွတ်လပ်ရေးကျောက်တိုင်တို့ ဖြစ်ပါသည်။



စီးပွားရေး

ကမ္ဘောဒီးယားနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ စက်မှုလုပ်ငန်းသည် အားနည်း၍ နိုင်ငံခြားအကူအညီများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို မှီခိုပါသည်။ ဆင်းရဲသူများသည် လူဦးရေစုစုပေါင်း၏ ၁၄ ရာခိုင်နှုန်းခန့် ရှိပါသည်။ တံခါးဖွင့်မူဝါဒနှင့် လွတ်လပ်သောဈေးကွက်စီးပွားရေး စနစ်ကို ကျင့်သုံးပါသည်။ လက်ရှိအစိုးရသည် ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်၊ သာတူညီမျှရေး၊ စွမ်းဆောင်ရည်အပေါ် ဗဟိုပြုသည့် နိုင်ငံတော် လေးထောင့်မဟာဗျူဟာ၏တတိယအဆင့်ကို အကောင်အထည်ဖော်နေပါသည်။


အရေးကြီးသောပွဲတော်နေ့များ

လွတ်လပ်ရေးနေ့ - နိုဝင်ဘာလ ၉ ရက်နေ့

၁၉၅၃ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံသည် ပြင်သစ် ကိုလိုနီလက်အောက်ခံဘဝမှ လွတ်လပ်ရေး ရရှိခဲ့ပါသည်။ နိုင်ငံတော်နေ့၊ တပ်မတော်နေ့ကိုလည်း သတ်မှတ်ထားပါသည်။


ဘုရင်မွေးနေ့ပွဲ‌တော် - မေလ ၁၄ ရက်နေ့


သာသနာတော်နှစ် နှစ်သစ်ကူးပွဲတော် - ဧပြီလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ


တော်ဝင်လယ်ယာစိုက်ပျိုးရေးနေ့ - သာသနာတော်နှစ် ဆဋ္ဌမလပြည့်ကျော် ၄ ရက်နေ့

ဘုရင်၊ သို့မဟုတ် ဘုရင့်ကိုယ်စားသည် နန်းတော်ဘေးနားကလယ်ယာများတွင်၊ သို့မဟုတ် သတ်မှတ်ထားသောလယ်ယာများတွင် လယ်ယာစိုက်ပျိုးရေးအခမ်းအနားကို ကျင်းပပါသည်။ နှစ်သစ်တွင် ရာသီဥတု ကောင်းမွန်ပါစေ၊ ကောက်ပဲသီးနှံ အထွက်ကောင်းပါစေဟု ဆုတောင်းပါသည်။


နဂါးလှေလှော်ပွဲတော် - နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ

မိုးရာသီမှ ဆောင်းရာသီသို့ ရာသီပြောင်းလဲချိန်၌ တစ်နိုင်ငံလုံးအနယ်နယ်အရပ်ရပ်မှ ကိုယ်စားလှယ်အဖွဲ့များသည် နန်းတော်ရှေ့ Tonle Sap မြစ်တွင် နဂါးလှေလှော်ပွဲတော်ကို ကျင်းပကြပါသည်။ Tonle Sap မြစ်နှင့် မဲခေါင်မြစ်တို့ ပြုစုပျိုးထောင်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်းကို ဖော်ပြထားပါသည်။