၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် စတုတ္ထအကြိမ်အစည်းအဝေးသည် ယနေ့ညနေပိုင်းက သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ရာ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက တရုတ်နိုင်ငံ၏နိုင်ငံခြားရေးမူဝါဒနှင့် နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ ပြည်တွင်းပြည်ပသတင်းထောက်များ၏မေးမြန်းချက်ကို ဖြေကြားခဲ့သည်။
ဝမ်ယိက မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်၍ မိမိသည် တရုတ်ပြည်ဘက် အဆိုပြုချက် ၃ ရပ်ကို တင်ပြလိုကြောင်း၊ ပထမတစ်ချက်က ငြိမ်းချမ်းတည်ငြိမ်ရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်သော မရှိမဖြစ် လိုအပ်ချက်ဖြစ်ပြီး မြန်မာနိုင်ငံဘက်အသီးသီးတို့အနေနှင့် ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းကာ မြန်မာပြည်သူ၏အရင်းခံအကျိုးစီးပွားမှနေ ညှိနှိုင်းဆွေးနွေးမှုကို စွဲကိုင်ခြင်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေဘောင်အတွင်း သဘောကွဲလွဲမှုကို ဖြေရှင်းပြီး ပြည်တွင်းဒီမိုကရေစီ ပြောင်းလဲရေးဖြစ်စဉ်ကို ဆက်လက်တွန်းအားပေးနိုင်ရန် မျှော်လင့်ကြောင်း၊ လက်ရှိအချိန်တွင် အရေးအကြီးဆုံးက သွေးထွက်သံယိုအငြင်းပွားမှုသစ်ဖြစ်ပွားခြင်းကို တားဆီးခြင်းဖြစ်ပြီး တင်းမာသောအခြေအနေကို အမြန်ဆုံးလျော့ပါးအောင် အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း၊ ဒုတိယအချက်က မြန်မာနိုင်ငံသည် အာဆီယံမိသားစုကြီးက အဖွဲ့ဝင်ဖြစ်ပြီး တရုတ်နိုင်ငံအနေနှင့် အာဆီယံစွဲကိုင်သောပြည်တွင်းရေးကို ဝင်မစွက်ဖက်ရေး၊ ညှိနှိုင်းဆွေးနွေးခြင်းဖြင့် သဘောတူညီချက်ရရှိရေးမူနှင့် အာဆီယံနည်းလမ်းဖြင့် သဘောကွဲလွဲမှုကို ဖြန်ဖြေပြီး သဘောတူညီမှုကို ရှာကြံရန်ကို ထောက်ခံကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ အချုပ်အခြာအာဏာပိုင်ခွင့်နှင့် ပြည်သူဆန္ဒကို ရိုသေလေးစားသောအခြေခံပေါ်တွင် ဘက်အသီးသီးနှင့် ဆက်ဆံပြီး အခြေအနေလျော့ပါးစေရန် အပြုသဘောဆောင်သောအခန်းကဏ္ဍမှ ပါဝင်လိုကြောင်း၊ တတိယအချက်က မြန်မာနှင့်တရုတ်နိုင်ငံတို့သည် တောတောင်ရေမြေချင်း ဆက်စပ်သောဆွေမျိုးပေါက်ဖော်ဖြစ်သလို အေးအတူပူအမျှဖြစ်သောကံကြမ္မာတူအသိုက်အဝန်းလည်း ဖြစ်ပြီး တရုတ်နိုင်ငံ၏မြန်မာနိုင်ငံအပေါ် ချစ်ကြည်ရေးမူဝါဒသည် မြန်မာပြည်သူအားလုံးကို ရှေးရှုခြင်းဖြစ်ပြီး တရုတ်နိုင်ငံသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် မြန်မာနိုင်ငံပါတီအသီးသီးနှင့် ရေရှည်ချစ်ကြည်သော ကူးလူးဆက်ဆံမှုရှိကာ တရုတ်နိုင်ငံနှင့် ချစ်ကြည်စွာဆက်ဆံခြင်းသည်လည်း မြန်မာနိုင်ငံ နယ်ပယ်အသီးသီးက သဘောတူညီချက်ဖြစ်၍ မြန်မာနိုင်ငံအခြေအနေ မည်သို့ပြောင်းလဲပြောင်းလဲ တရုတ်နိုင်ငံသည် တရုတ်-မြန်မာဆက်ဆံရေးကို တွန်းအားပေးသည့်သန္နိဋ္ဌာန် ပြောင်းလဲမည်မဟုတ်ကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်-မြန်မာချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးသည့်ဦးတည်ချက်လည်း ပြောင်းလဲမည်မဟုတ်ကြောင်း ပြောကြားပါသည်။