တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် မြန်မာ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံဆွေးနွေး

CRI, January 31, 2021
Size:

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇန်နဝါရီလ ၁၂ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ယိက၊  မြန်မာနိုင်ငံက နိုင်ငံတော်အချုပ်အခြာအာဏာပိုင်မှု၊ အမျိုးသား ဂုဏ်သိက္ခာနှင့် တရားမျှတသော အခွင့်အရေး အကျိုးစီးပွား ထိန်းသိမ်းကာကွယ်ခြင်းကို တရုတ်နိုင်ငံက ဆက်လက်ထောက်ခံမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံက ကိုယ့်နိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးရေးလမ်းကြောင်း စူးစမ်းရှာဖွေခြင်းကို ထောက်ခံပါကြောင်း၊ မြန်မာ တပ်မတော်က နိုင်ငံတော် ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးရေးဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်သင့်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန်၊ အပြုသဘောဆောင်သော အကျိုးပြုစွမ်းဆောင်မှု ပြုလုပ်ရန်ကို ထောက်ခံပါကြောင်း ပြောကြားပါသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က၊ မြန်မာပြည်ဘက်အနေနှင့် မြန်မာ-တရုတ် ချစ်ကြည်ရေး နက်ရှိုင်းလာအောင် ဦးလည်မသုန်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုကို အားသစ်လောင်းပေးမည် ဖြစ်ကြောင်း၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ ရှင်းကျန်းစသည့် ပြဿနာအပေါ် တရုတ်ပြည်ဘက်၏ တရားမျှတသောရပ်တည်ချက်ကို ဆက်လက်ထောက်ခံမည် ဖြစ်ကြောင်း၊ တရုတ်နှင့်မြန်မာတို့သည် ထာဝစဉ် မိတ်ဆွေကောင်း ဖြစ်ပြီး နှစ်ဖက်ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ် တိုးတက်နက်ရှိုင်းသွားရမည် ဖြစ်၍ မြန်မာတပ်မတော်သည် ယင်းအတွက် အပြုသဘောဆောင်သောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားပါသည်။