၂၀၂၀ ပြည့်နှစ်မှာ တရုတ်နိုင်ငံဟာ ကိုဗစ်-၁၉ ကပ်ရောဂါကို ထိရောက်စွာ ထိန်းချုပ်ပြီး ကုန်ထုတ်လုပ်မှု တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ကာ တစ်ကမ္ဘာလုံး ဈေးကွက်များ ဝယ်လိုအား တိုးမြင့်တာကြောင့် တင်ပို့ရောင်းချမှု တိုးတက်ရေးကို အကောင်အထည်ဖော်ခဲ့ပါတယ်။ Oxford Business Group မှ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာတစ်ရပ်မှာ တရုတ်နိုင်ငံ စီးပွားရေး လျင်မြန်စွာ ပြန်လည်ရှင်သန်လာတာကြောင့် မြန်မာနိုင်ငံစီးပွားရေး ပြန်လည်ရှင်သန်ရေးဟာ ဒေသတွင်း တခြားနိုင်ငံထက် ပိုမြန်မယ်လို့ ဖော်ပြထားပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက် တရုတ်-မြန်မာနှစ်နိုင်ငံဟာ တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွား အချင်းချင်း ကူညီဖေးမမှု ရှိကြပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားခါစမှာ တရုတ်နိုင်ငံက ဆေးဝါးကုသရေးပညာရှင်များအဖွဲ့ကို စေလွှတ်ပြီး ကူးစက်ရောဂါတိုက်ဖျက်ရေး အတွေ့အကြုံများ မျှဝေခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့က တရုတ်နိုင်ငံမှ ကူညီထောက်ပံ့တဲ့ မြန်မာနိုင်ငံကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန၊ လေ့ကျင့်ရေးနှင့် သုတေသနဌာန (Center for Disease Control, Training and Research, Myanmar) တည်ဆောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံက သက်ဆိုင်ရာဆေးဝန်ထမ်းနဲ့ အတတ်ပညာရှင်များကို ပြုစုပျိုးထောင်ရန် တရုတ်နိုင်ငံဟာ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ၂ နှစ်ကြာ ပံ့ပိုးမှာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာနိုင်ငံသို့ ခရီးလှည့်လည်ပြီး မြန်မာနိုင်ငံရဲ့ လိုအပ်ချက်အရ ကူးစက်ရောဂါတိုက်ဖျက်ရေးဆေးပစ္စည်းတွေကို ဆက်လက်ပံ့ပိုးမယ်လို့ ဖော်ပြကာ မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ၃ သိန်းကို အရေးပေါ်ပံ့ပိုးပြီး မြန်မာနိုင်ငံရဲ့လိုအပ်ချက်အရ ကိုဗစ်-၁၉ ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ညှိနှိုင်းဆွေးနွေးမယ်လို့ ကြေညာပါတယ်။ ဒီလုပ်ဆောင်ချက်တွေဟာ မြန်မာပြည်သူတွေရဲ့ကျန်းမာရေးအပေါ် ရိုသေလေးစားမှုနဲ့ ထိန်းသိမ်းကာကွယ်မှု ဖြစ်ရုံသာမက မြန်မာလူမှုတည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ပြီး မြန်မာနိုင်ငံစီးပွားရေး ပြန်လည်ရှင်သန်လာရေးကို တွန်းအားပေးကာ တရုတ်-မြန်မာကုန်သွယ်ရေးကို အားပေးထောက်ခံတဲ့ အရေးကြီးဆောင်ရွက်ချက်လည်း ဖြစ်ပါတယ်။
ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး ပုံမှန်ဖြစ်လာတဲ့အခြေအနေမှာ မြန်မာနဲ့ တရုတ်နိုင်ငံတို့ဟာ အတူကြိုးပမ်းအားထုတ်ပြီး နယ်စပ်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစနစ်ရဲ့အခန်းကဏ္ဍကို အပြည့်အဝ ဖော်ထုတ်တဲ့တစ်ချိန်တည်းမှာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး လွယ်ကူအဆင်ပြေစေမှုကို အားဖြည့်တိုးမြှင့်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ ၈ နာရီမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ ၈ နာရီအထိ ရွှေလီဂိတ် ကျယ်ဂေါင်မြို့ရှိကုန်ပစ္စည်း ပြည်ဝင်ပြည်ထွက် လမ်းကြောင်းကို ၂၄ နာရီ ဝင်ရောက်လို့ရတဲ့စနစ် ဖွင့်လှစ်ပြီး ကုန်ပစ္စည်း ပြည်ဝင်ပြည်ထွက် လမ်းကြောင်း ကားပိတ်ဆို့တဲ့ပြဿနာကို တစ်ဆင့်တိုးဖြေရှင်းခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့က ယူနန်ပြည်နယ် ဆစ်ဆောင်ပန်နားဒေသခွဲ ကျင်ဟုန်မြို့နဲ့ မွန်ဟိုင်ခရိုင်အကြား အမြန်မောင်းကားလမ်း စမ်းသပ်ပြေးဆွဲပြီး ယူနန်ပြည်နယ် မြို့တော် ကူမင်းကနေ တရုတ်-မြန်မာနယ်စပ် မွန်ဟိုင်ခရိုင် တာလောဂိတ်စခန်းကို သွားရင် ပိုပြီး အဆင်ပြေ လွယ်ကူမှာ ဖြစ်ပါတယ်။ ဒါဟာ လမ်းပန်းဆက်သွယ်ရေးဖိအားကို လျော့ပါးခြင်း၊ လမ်းကြောင်းကွန်ရက် ပြည့်စုံခြင်း၊ ဒေသတွင်းထုတ်လုပ်မှု တိုးမြှင့်ခြင်းတို့အတွက် အရေးကြီးတဲ့ အဓိပ္ပာယ်ပါရှိပါတယ်။
ကူးစက်ရောဂါထိခိုက်မှုကြောင့် ဝန်ဆောင်မှုကုန်သွယ်ရေးထဲက လမ်းပန်းဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးဟာ ကန့်သတ်မှုခံရပေမယ့် e-commerce ကတော့ ဖွံ့ဖြိုးတိုးတက်တဲ့အမြန်လမ်းကြောင်းသို့ ရောက်ရှိလာပါတယ်။ လူအတော်များများက e-commerce ပလက်ဖေါင်းကနေတစ်ဆင့် တရုတ်ဈေးကွက်က အခွင့်အလမ်းကို ရှာကြံပြီး taobao၊ jd စတဲ့နာမည်ကျော် e-commerce ပလက်ဖေါင်းမှာ မြန်မာ့အထူးထွက်ကုန် များစွာကို တင်လာကြပါတယ်။ မကြာခင်က တရုတ် ယူနန်ပြည်နယ် ကုန်သွယ်ရေး ဦးစီးဌာန၊ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာရုံး၊ မန္တလေးမြို့ဆိုင်ရာ တရုတ်ကောင်စစ်ဝန်ရုံးတို့ ပူးတွဲကျင်းပတဲ့မြန်မာနိုင်ငံ e-commerce လေ့ကျင့်ရေးသင်တန်းဟာ တရုတ်-မြန်မာ e-commerce လုပ်ဆောင်သူ ၁၀၀ ကျော်အတွက် လမ်းညွှန်ပေးနိုင်ခဲ့ပါတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံ e-commerce လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုဟာ ထုတ်လုပ်မှု၊ ကူးသန်းရောင်းဝယ်မှု၊ ကုန်စည်စီးဆင်းမှု စတဲ့လုပ်ငန်းများအတွက် ပိုမိုများပြားတဲ့အခွင့်ကောင်းများ ဖန်တီးပြီး နှစ်ဖက်အတူအောင်နိုင်တဲ့ အကျိုးရလဒ်ကို ရရှိမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံလွှတ်တော် အများပြည်သူအကောင့်များကော်မတီမှ အစီရင်ခံစာအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပထမ ၆ လပိုင်းမှာ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်အနေနဲ့ တရုတ်-မြန်မာကုန်သွယ်မှုပမာဏဟာ မြန်မာနိုင်ငံ ကုန်သွယ်မှု စုစုပေါင်းပမာဏရဲ့ ၃၃ ရာခိုင်နှုန်းကျော်ရှိတယ်လို့ သိရပါတယ်။ ဈေးကွက် သုတေသနဌာနဖြစ်တဲ့ IHS Markit မှ ထုတ်ပြန်တဲ့အစီရင်ခံစာတစ်ရပ်မှာ ထုတ်လုပ်မှုလုပ်ငန်းက ပြည်ပကုန်အမှာစာ တိုးများလာတာနဲ့အမျှ မြန်မာနိုင်ငံ ၇ လပိုင်းက ထုတ်လုပ်မှုလုပ်ငန်း PMI ဟာ threshold အထက်သို့ ပြန်လည်ရောက်ရှိပြီး ထုတ်လုပ်မှုလုပ်ငန်း ပြန်လည်ရှင်သန်လာတယ်လို့ ဖော်ပြထားပါတယ်။
တရုတ်-မြန်မာနှစ်နိုင်ငံ ကူးစက်ရောဂါတိုက်ဖျက်ရေးဘက်က ပူးပေါင်းဆောင်ရွက်မှုနဲ့ နှစ်နိုင်ငံအစိုးရက နှစ်ဖက်ကုန်သွယ်မှုကို များစွာ အားပေးထောက်ခံခြင်းတို့ဟာ မြန်မာနိုင်ငံ စီးပွားရေး ပြန်လည်ရှင်သန်လာတဲ့ အဓိကအကြောင်းရင်းဖြစ်သလို မြန်မာနိုင်ငံစီးပွားရေး ပြန်လည်ရှင်သန်တဲ့အရှိန်ဟာ ဒေသတွင်း အခြားနိုင်ငံထက် ပိုမြန်တဲ့ အဓိကအကြောင်းရင်းလည်း ဖြစ်ပါတယ်။