တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ဒေသစံတော်ချိန် ယခုလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ မြန်မာနိုင်ငံသို့ ခရီးလှည့်လည်ခဲ့ရာ နှစ်ဖက်တို့သည် နှစ်နိုင်ငံ အနာဂတ်ဆက်ဆံမှု တိုးတက်ရေးနှင့်ပတ်သက်ပြီး နိုင်ငံရေးသဘောတူညီမှုများ ရရှိခဲ့ကြပါသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအား ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်သုတ် ထောက်ပံ့ကူညီပေးရန် ဆုံးဖြတ်သည်ဟုလည်း ကြေညာထားကြောင်း China Media Group မှ သတင်းအရ သိရပါသည်။
နှစ်ဖက်တို့သည် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏မြန်မာခရီးစဉ်အတွင်း ရရှိခဲ့သည့် အောင်ကျိုးရလဒ်များ ဆက်လက် ဘက်စုံအကောင်အထည်ဖော်ဆောင်ရန်၊ နယ်ပယ်အသီးသီမှ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန်၊ ကံကြမ္မာတူအသိုက်အဝန်း အဆက်မပြတ် နက်ရှိုင်းလာအောင် တွန်းအားပေးရန် ဆုံးဖြတ်ကြပါသည်။ နှစ်ဖက်တို့သည် ကိုဗစ်-၁၉ တိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန်၊ နှစ်နိုင်ငံ မဟာဗျူဟာဆက်နွှယ်မှုများကို တိုးမြှင့်ရန်၊ တရုတ်နှင့်မြန်မာ စီးပွားကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု ငါး နှစ်တာ စီမံကိန်းကို ကောင်းမွန်စွာ ဖော်ဆောင်ပြီး နှစ်ဖက် ကုန်သွယ်မှုအတိုင်းအတာနှင့် အရည်အသွေးကို တစ်ဆင့် တိုးမြှင့်ရန်၊ နှစ်ဖက်အကြား လူမှုရေးနှင့် ယဉ်ကျေးမှုကူးလူးဖလှယ်မှုကို တိုးမြှင့်ရန်၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ချစ်ကြည်ရေးမူဝါဒကို ပြတ်ပြတ်သားသား ကျင့်သုံးမည် ဖြစ်ပြီး မြန်မာပြည်ဘက်၏ ရွေးကောက်ပွဲလွန်ချိန် နိုင်ငံရေးအစီအစဉ်များ တွန်းအားပေးခြင်းနှင့် မြန်မာအစိုးရသစ် အာဏာကျင့်သုံးခြင်းကို အားပေးထောက်ခံရန် စသဖြင့်လည်း ဆုံးဖြတ်ပါသည်။
ယင်းအတောအတွင်း နှစ်ဖက်တို့သည် တရုတ်နှင့်မြန်မာ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေး ငါး နှစ်တာ စီမံကိန်း အပါအဝင် အသေးစိတ် အောင်ကျိုးရလဒ် ၈ ရပ်ကိုလည်း ချုပ်ဆို သို့မဟုတ် ကြေညာထားပါသည်။