တရုတ်နိုင်ငံမှ မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ဆက်လက်ပေးအပ်မယ့် ယွမ်ငွေ ၃ သန်းတန်ဖိုးရှိ ပစ္စည်းများအနက် ပထမအသုတ်ဖြစ်တဲ့ ယွမ်ငွေ ၂၅၀,၀၀၀ တန်ဖိုးရှိ ဆေးပစ္စည်းများအား ဇန်နဝါရီလ ၁၂ ရက်နေ့က နေပြည်တော်မှာ ပေးအပ်လှူဒါန်းခဲ့ပါတယ်။ ဒီတစ်ကြိမ် ပေးအပ်လှူဒါန်းတဲ့ ဆေးပစ္စည်းတွေဟာ ထူးခြားတဲ့အဓိပ္ပါယ် ပါရှိပါတယ်။ ဒီအကာအင်္ကျီနဲ့ နှာခေါင်းစည်းတွေကို တရုတ်နိုင်ငံတော်ကောင်စီဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိရဲ့ မြန်မာနိုင်ငံသို့ လာရောက်တဲ့ခရီးစဉ်မှာ အထူးလေယာဉ်ဖြင့် သယ်ဆောင်လာခြင်းဖြစ်ပြီး ဒါဟာ တရုတ်နိုင်ငံက တရုတ်-မြန်မာ ကူးစက်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုကို မြင့်မားစွာ အလေးထားတာကို ပြဆိုထားပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက် တရုတ်-မြန်မာနှစ်နိုင်ငံတို့ဟာ တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွား အချင်းချင်းကူညီဖေးမပြီး ဆေးဝါးကုသရေးပညာရှင်များအဖွဲ့ စေလွှတ်ရေး၊ ကူးစက်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ ကူညီထောက်ပံ့ရေး၊ ကုန်ထုတ်လုပ်မှုများ ပြန်လည်လုပ်ဆောင်ခြင်းကို တွန်းအားပေးတဲ့အမြန်လမ်းကြောင်း တည်ထောင်ရေးတို့ဘက်မှာ စိတ်လှုပ်ရှားဖွယ်ရာ အကြောင်းအရာများစွာ ပေါ်ထွက်လာတယ်။
တစ်ကမ္ဘာလုံးကို ထိခိုက်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဟာ လက်ရှိအချိန်မှာ ပျံ့နှံ့နေဆဲဖြစ်ပြီး နိုင်ငံတကာ အစည်းအဝေးတော်တော်များများကိုလည်း သက်ဆိုင်ရာ သတင်းဆက်သွယ်ရေးနည်းပညာဖြင့် ကျင်းပခဲ့ရပေမယ့် တရုတ်-မြန်မာနှစ်ဖက်၏ မျက်နှာချင်းဆိုင်ကူးလူးဖလှယ်မှုကိုတော့ တားဆီးနိုင်ခြင်း မရှိသေးပါ။ ဒီတစ်ကြိမ် နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ မြန်မာနိုင်ငံသို့ ခရီးလှည့်လည်ခြင်းဟာ မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးပြီးနောက် ပထမဆုံးအဖြစ် ရောက်ရှိလာတဲ့နိုင်ငံခြားရေးဝန်ကြီးဖြစ်ပါတယ်။ ခရီးလှည့်လည်စဉ်အတွင်း နှစ်ဖက်တို့ဟာ ဥက္ကဋ္ဌ ရှီကျင့်ဖိန်က မြန်မာနိုင်ငံသို့ ခရီးလှည့်လည်စဉ်ရရှိခဲ့တဲ့အောင်ကျိုးရလဒ်များ တစ်ဆင့်တိုး ဖော်ဆောင်ရေး၊ Belt & Road နဲ့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံတည်ဆောက်မှု တွန်းအားပေးရေး၊ မြန်မာနိုင်ငံ ပြည်တွင်း ပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို တွန်းအားပေးရေးတို့နဲ့ပတ်သက်၍ သဘောတူညီချက်များ ရရှိခဲ့ပါတယ်။
ကူးစက်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု ဆက်တိုက်လုပ်ဆောင်ပြီး မြန်မာနိုင်ငံအား ကူးစက်ရောဂါကို အောင်မြင်အောင် တိုက်ဖျက်ဖို့ ကူညီထောက်ပံ့ခြင်းဟာ ဒီတစ်ကြိမ်ခရီးစဉ်ရဲ့ အဓိက အကြောင်းအရာတစ်ရပ်ဖြစ်ပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ကိုဗစ်-၁၉ ကာကွယ်ဆေး (၃) သိန်းကို ထောက်ပံ့ပေးအပ်သွားမှာဖြစ်ပြီး ကာကွယ်ဆေးပူးပေါင်းဆောင်ရွက်မှုကို ရင်းနှီးစွာ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ တရုတ်နိုင်ငံက ကူညီထောက်ပံ့တဲ့ မြန်မာနိုင်ငံ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန၊ လေ့ကျင့်ရေးနှင့် သုတေသနဌာန (Center for Disease Control, Training and Research, Myanmar) တည်ဆောက်ရေးလုပ်ငန်းလည်း တရားဝင် စတင်ပြီဖြစ်တယ်။ ဒီဆောင်ရွက်ချက်တွေဟာ မြန်မာပြည်သူများအတွက် အကျိုးရရှိစေမှာဖြစ်ပါတယ်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် ကူညီထောက်ပံ့မှုဟာ အပေါ်ယံကြောသာဟာမျိုး မဟုတ်ဘူး။ တရုတ်-မြန်မာဆက်ဆံရေးရဲ့ အရင်းခံသဘောက ချစ်ကြည်ရင်းနှီးပြီး အပြန်အလှန်ရိုသေလေးစားကာ တန်းတူညီမျှ အကျိုးတူရှိစေရေးနဲ့ အတူဖွံ့ဖြိုးတိုးတက်ရေးဖြစ်သလို ခြွင်းချက်ထားခြင်း လုံးဝမရှိတဲ့ မိတ်ဖက်ဆက်ဆံရေးဖြစ်တယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ပထမအကြီးဆုံးကုန်သွယ်ရေး မိတ်ဖက်နိုင်ငံ ဖြစ်တာ နှစ်ပေါင်းများစွာ ရှိပါပြီ။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံဈေးကွက်မှာ အခြေခံအဆောက်အဦလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးဇုန် ပူးပေါင်းတည်ဆောက်တဲ့ လုပ်ဆောင်ချက်တွေဟာ မြန်မာနိုင်ငံ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ တွန်းအားပေးမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းတွေဟာ သာမန်အားဖြင့် အချိန်ကာလ တိုတောင်းပြီး အမြတ် ချက်ချင်း ရနိုင်တဲ့လုပ်ငန်း မဟုတ်ဘဲ မြန်မာနိုင်ငံတော်ရဲ့ ရေရှည်အကျိုးစီးပွားကိုပဲ ရှေးရှုခြင်း ဖြစ်တယ်။ ဥပမာ အခြေခံအဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းတွေရဲ့ရည်ရွယ်ချက်ဟာ မြန်မာနိုင်ငံ စီးပွားရေး ရေရှည်စည်ပင်သာယာဝပြောရေးနဲ့ ဖွံ့ဖြိုးရေးကို တွန်းအားပေးဖို့ပင်ဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးချင်ဟိုင် ပြောသလိုပါပဲ။ ဒီတစ်ကြိမ် တရုတ်နိုင်ငံက ကူညီထောက်ပံ့တဲ့ဆေးပစ္စည်းတွေဟာ သော့ချက်ကျအချိန်မှာရှိနေတဲ့ မြန်မာနိုင်ငံ ကူးစက်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းအတွက် အားဖြည့်နိုင်ရန် မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့အတူ အမြဲရပ်တည်မှာဖြစ်ပြီး ကူးစက်ရောဂါကို အောင်မြင်အောင် အတူတိုက်ဖျက်ပြီး စီးပွားရေး ပြန်လည်ရှင်သန်လာရေးကို အတူတွန်းအားပေးကာ တရုတ်-မြန်မာ အေးအတူပူအမျှဖြစ်တဲ့ ကံကြမ္မာတူအသိုက်အဝန်းကို အတူတည်ထောင်မှာဖြစ်ကြောင်း သံအမတ်ကြီးချင်ဟိုင်က ပြောကြားပါတယ်။
မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကလည်း ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ဆေးဝါးကုသရေးပညာရှင်များအဖွဲ့ စေလွှတ်ပြီး ကူးစက်ရောဂါ တိုက်ဖျက်ရေးအတွေ့အကြုံများ ဝေမျှကာ မြန်မာနိုင်ငံ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန၊ လေ့ကျင့်ရေးနဲ့သုတေသနဌာနကို လျင်မြန်စွာ တည်ဆောက်၍ မြန်မာနိုင်ငံကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထောက်ပံ့ကူညီရေးတို့ဟာ မြန်မာပြည်သူများရဲ့ အသက်လုံခြုံရေးကို ထိရောက်စွာ ထိန်းသိမ်းကာကွယ်ပြီး မြန်မာနိုင်ငံရဲ့ ကူးစက်ရောဂါတိုက်ဖျက်ရေးယုံကြည်စိတ်ကိုလည်း တိုးမြှင့်ကာ မြန်မာနိုင်ငံ စီးပွားရေးပြန်လည်ရှင်သန်လာရေးအတွက် အခြေခံအုတ်မြစ်ချထားခဲ့တယ်လို့ ပြောကြားပါတယ်။