နှစ် ၇၀ ပြည့်အခါသမယမှသည် တရုတ်-မြန်မာ ဆက်ဆံရေးခေတ်သစ်သို့ လှမ်းချဦးအုန်းမြင့်။ ။ တရုတ်-မြန်မာ ခရီးသွားလာရေး ပူးပေါင်းဆောင်ရွက်မှု လှုပ်ရှားမှုများစွာကို ပါဝင်တက်ရောက်

Yunnan Gateway, June 22, 2020
Size:

အယ်ဒီတာအညွှန်း

 

၂၀၂၀ ပြည့်နှစ်က အမှတ်ရစရာကောင်းမွန်တဲ့နှစ်တစ်နှစ် ဖြစ်ပါတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၇၀ ပြည့်အခါသမယကို ဂုဏ်ပြုကြိုဆိုကြပါတယ်။ အချိန်ကာလမှတ်တမ်းမှာ တရုတ်-မြန်မာနှစ်နိုင်ငံ တည်တံ့ခိုင်မြဲတဲ့ အစဉ်အလာပေါက်ဖော်ချစ်ကြည်ရေးကို လက်ဆင့်ကမ်းနေပါတယ်။ စိတ်နှလုံးချင်း နီးစပ်ပြီး လက်တွဲတာ၊ အချင်းချင်း ရိုင်းပင်းကူညီထောက်ပံ့တာ၊ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန် အတုယူလေ့လာတာ၊ အကျိုးတူအောင်သီးအောင်နှံ အတူရရှိတာ စတာတွေ ဖော်ဆောင်လျက်ရှိပါတယ်။ တရုတ်-မြန်မာ အလွှာပေါင်းစုံက ပုဂ္ဂိုလ်တွေဟာ ဖော်ပြပါအချက်တွေကို အတူဖတ်ရှုပြီး တရုတ်-မြန်မာ ချစ်ကြည်ရေးခေတ်သစ်ကို လျှောက်လှမ်းနိုင်ဖို့ အတူကြိုးစားဆောင်ရွက်စို့။

“သာယာလှပတဲ့နေရာတစ်ခုရှိသည်။ တိုင်လူမျိုးများ ဤနေရာတွင် နေကြ၏။ ထူထပ်သော ရွာကလေး နီးကပ်စွာ ဆက်စပ်လျက်၊ ကွေ့ကောက်သော မြစ်ရေ စိမ်းလန်းစိုပြေ၏…”

“ဒီသီချင်းရဲ့သံဇဉ်ကို ကြားလိုက်တာနဲ့ ကျွန်တော်ဟာ သာယာလှပတဲ့ နယ်စပ်မြို့လေးကို အမြဲတမ်း သတိရလာပါတယ်။” မြန်မာ-တရုတ်ခရီးသွားလာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးအုန်းမြင့်ဟာ ၂၀၁၉ ခုနှစ် ယူနန်ပြည်နယ် အပြည်ပြည်ဆိုင်ရာ စမတ်ခရီးသွားပွဲတော်နေ့ကို တက်ရောက်ခဲ့တဲ့အချိန်ကာလမှာ တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရွှေလီမြို့ကို သွားရောက်လေ့လာခဲ့ပါတယ်။

“ဒီသီချင်းထဲကအတိုင်းပါပဲ... ရွှေလီမြို့ဟာ သာယာလှပတဲ့နေရာတစ်ခု ဖြစ်ပါတယ်။ ကျွန်တော့်အတွက် ဒီမြို့ဟာ မြန်မာ-တရုတ် ‘ဆွေမျိုးပေါက်ဖော်’ ချစ်ကြည်ရေး အတူ လက်ဆင့်ကမ်းတဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။” နှစ်ပြည်တစ်ရွာရေတွင်းနံဘေးမှာ ဦးအုန်းမြင့်က သူ့ကို အမှတ်အရဆုံး ဖြစ်စေတဲ့မြင်ကွင်းကို တွေ့မြင်ခဲ့ပါတယ်။ ဒီနေရာမှာနေထိုင်တဲ့ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ပြည်သူပြည်သားတွေဟာ ရေတွင်းတစ်တွင်းထဲက ရေကို အတူသောက်သုံးကြပါတယ်။ မိသားစုတစ်စုလိုပဲ စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် နေကြပါတယ်။ ဒီရေတွင်းဟာ လာရောက်လည်ပတ်ကြတဲ့ ခရီးသည်တွေအဖို့ နှစ်နိုင်ငံရဲ့ ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းလာတဲ့ ချစ်ကြည်ရေးကို ထင်ဟပ်ဖော်ပြနေကြောင်း ဦးအုန်းမြင့်က ဆက်လက်ပြောပြတယ်။

လေ့လာရေးခရီးစဉ်မှာ ခရီးသွားလာရေးဟာ ချစ်ကြည်ရေးနဲ့ သိရှိနားလည်မှုကို မြှင့်တင်ပေးတဲ့ အမြန်ဆုံးနည်းလမ်းဖြစ်တယ်လို့ နက်နက်ရှိုင်းရှိုင်းခံစားရကြောင်း ဦးအုန်းမြင့်က ပြောပါတယ်။

“အိမ်နီးချင်းတွေအကြား ပိုပြီးဆက်ဆံရင်း ဆွေနီးမျိုးဆက်ဖြစ်လာပါတယ်။ မိတ်ဆွေတွေအကြား ပိုပြီးဆက်ဆံရင်း ပိုမိုရင်းနှီးလာပါတယ်။” ယခုနှစ်ပိုင်းမှာ တရုတ်-မြန်မာနှစ်နိုင်ငံဟာ ခရီးသွားလာရေး ပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ် နက်ရှိုင်းစွာ ဖော်ဆောင်လျက်ရှိနေပါတယ်။ နှစ်ဦးနှစ်ဖက်တို့ဟာ ခရီးသွားလာရေးမိတ်ဆက်ကြော်ငြာခြင်း၊ ခရီးသည် အပြန်အလှန် ပို့ဆောင်ခြင်း၊ နိုင်ငံဖြတ်ကျော်ခရီးသွားလာရေး စတဲ့ကဏ္ဍတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖလှယ်ဆွေးနွေးခဲ့ကြပါတယ်။ ၎င်းအနက် ဦးအုန်းမြင့်ဟာ ဆန်းတင့်ဝေဆာလှတဲ့ လှုပ်ရှားမှုများစွာကို ပါဝင်တက်ရောက်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ်က ပထမအကြိမ် တရုတ်-မြန်မာ ခရီးသွားလာရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်၊ တရုတ်-မြန်မာ မော်တော်ကား လှည့်လည်ဖျော်ဖြေရေးလှုပ်ရှားမှု စတဲ့အစီအစဉ်တွေကို မြန်မာနိုင်ငံမှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။“ လှုပ်ရှားမှုတိုင်းကို ကျွန်တော်ကိုယ်တိုင် ပါဝင်ဆင်နွှဲခဲ့ပါတယ်။ ဒီလှုပ်ရှားမှုတွေမှာ မိတ်ဆွေဟောင်းတွေနဲ့ ပြန်လည်တွေ့ဆုံရရုံတင်မကဘဲ သူငယ်ချင်းအသစ်တွေနဲ့လည်း မိတ်ဖွဲ့နိုင်ခဲ့ပါတယ်။” ဦးအုန်းမြင့်ဟာ တရုတ်-မြန်မာ မော်တော်ကား လှည့်လည်ဖျော်ဖြေရေးလှုပ်ရှားမှုကို အထူးမှတ်မိနေပြီး သဘောကျခဲ့ပါတယ်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ခရီးသွားလာရေးကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံ နေပြည်တော်၊ ရန်ကုန်၊ ပုဂံနဲ့ မန္တလေး စတဲ့ဒေသ (၄) ခုကို သွားရောက်ပြီး ယူနန်ခရီးသွားလာရေးအရင်းအမြစ်တွေကို မိတ်ဆက်ကြပါတယ်။ ဒါ့ပြင် မြန်မာခရီးသွားလာရေးလုပ်ငန်းရှင်တွေနဲ့ ခရီးသွားလာရေးပူးပေါင်းဆောင်ရွက်မှုယန္တရားစနစ်ကို ထူထောင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

“ဆန်းတင့်ဝေဆာလှတဲ့ စစ်ဆောင်ပန်းနား၊ ကမ္ဘာ့ရှန်ဂရီလာ၊ တာ့လီမြို့ရဲ့သဘာဝရှုခင်း အလှတရား၊ လီကျန်းမြို့ရဲ့ နူးညံ့တဲ့အချိန်ကာလ စတဲ့ခရီးသွားအရင်းအမြစ်တွေ…။ ဒီလှည့်လည်ဖျော်ဖြေရေးလှုပ်ရှားမှုကတစ်ဆင့် ပိုမိုများပြားလာတဲ့ မြန်မာနိုင်ငံပြည်သူတွေကို ယူနန်ရဲ့အလှတရားကို ခံစားစေပါတယ်။ နှစ်နိုင်ငံ ခရီးသွားလာရေးနဲ့ ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်မှုကိုလည်း မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။” ဒီလှည့်လည်ဖျော်ဖြေရေးလှုပ်ရှားမှုဟာ မြန်မာနိုင်ငံ ခရီးသွားလာရေးကဏ္ဍက ပုဂ္ဂိုလ်တွေရဲ့တုံ့ပြန်မှုများစွာရရှိတဲ့အတွက် သူက တရုတ်နိုင်ငံက မြို့ပြတွေမှာ မြန်မာပြည်ရဲ့ အလှတရားကို မိတ်ဆက်ပေးနိုင်ဖို့ ဦးအုန်းမြင့်က မျှော်လင့်နေပါတယ်။

၂၀၁၈ ခုနှစ် နှစ်ဦးပိုင်းမှာ ဦးအုန်းမြင့်က မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက အငြိမ်းစားယူလိုက်ပြီး သူရဲ့အိပ်မက်ခရီးစဉ်ကို စတင်လိုက်ပါတယ်။ တရုတ်နိုင်ငံ ဒေသအသီးသီးမှာ မြန်မာနိုင်ငံက ထူးခြားတဲ့ခရီးသွားလာရေး အရင်းအမြစ်တွေကို မိတ်ဆက်ပေးပါတယ်။ “လတ်တလောမှာ ကျွန်တော် ပေကျင်း၊ ရှန်ဟိုင်း၊ ချိန်ဒူ၊ နန်နင်းနဲ့ ကူမင်း စတဲ့ဒေသတွေကို သွားရောက်ခဲ့ပါတယ်။” ပေကျင်းနွေရာသီနန်းတော်မှာ ကျင်းပတဲ့ “ရှုဖွယ်စုံလင် မြန်မာပြည်-- မြန်မာနိုင်ငံယဉ်ကျေးမှုခရီးသွားလာရေးဓာတ်ပုံပြပွဲ” မှာ မန္တလေးဦးပိန်တံတားနေဝင်ချိန်ဓာတ်ပုံတစ်ပုံရှေ့မှာ တရုတ်ခရီးသွားဧည့်သည်တွေဟာ ရပ်ပြီး စိတ်ဝင်စားစွာ ကြည့်ရှုကြတဲ့မြင်ကွင်းကို ဦးအုန်းမြင့်ဟာ အထူးမှတ်မိနေပါတယ်။ တရုတ်ခရီးသည်တွေရဲ့ အမူအရာတွေကို ကြည့်ခြင်းအားဖြင့် သူတို့ဟာ မြန်မာနိုင်ငံကို အထူးစိတ်ဝင်စားလျက်ရှိတယ်လို့ ကျွန်တော်ခံစားမိကြောင်း သူက ပြန်လည်တွေးပြီး ပြောပါတယ်။

ပိုမိုများပြားတဲ့ တရုတ်ခရီးသွားဧည့်သည်များဟာ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ပြီး မြန်မာနိုင်ငံရဲ့ တစ်မူထူးခြားတဲ့ လူနေမှုဓလေ့ထုံးစံနဲ့ သဘာဝပတ်ဝန်းကျင်တွေကို ခံစားနိုင်ဖို့ ဦးအုန်းမြင့်က မျှော်လင့်ထားပါတယ်။ မြန်မာ-တရုတ် ခရီးသွားဧည့်သည်တွေ အပြန်အလှန်ဖလှယ်ရေး မြှင့်တင်ဖို့အတွက် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ကစပြီး မြန်မာနိုင်ငံဟာ တရုတ်ခရီးသည်တွေဖို့ ဆိုက်ရောက်ဗီဇာ ဖွင့်လှစ်ပေးထားကြောင်း၊ ဒါ့ပြင် တရုတ်ခရီးသွားဧည့်သည်တွေရဲ့ လိုအပ်ချက်အရ မြန်မာနိုင်ငံအနေနဲ့ ခရီးသွားလာရေးဝန်ဆောင်မှုအရည်အသွေးကို တစ်နေ့တခြား မြှင့်တင်လျက်ရှိနေကြောင်း သူက ဆက်လက်ပြောပြပါတယ်။

ဒီနှစ်ဟာ တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ်အခါသမယဖြစ်သလို တရုတ်-မြန်မာ ယဉ်ကျေးမှုခရီးသွားလာရေးအထိမ်းအမှတ်နှစ်လည်း ဖြစ်ပါတယ်။ မြန်မာ-တရုတ်ဆက်ဆံရေးခေတ်သစ်သို့ လှမ်းချီနေတာနဲ့အမျှ နှစ်နိုင်ငံ ခရီးသွားလာရေး ပူးပေါင်းဆောင်ရွက်မှုမှာ အခင်းအကျင်းအသစ်တွေ ဖန်တီးနိုင်ဖို့ ဦးအုန်းမြင့်က မျှော်လင့်ထားပါတယ်။ “ကျွန်တော်တို့ တရုတ်နိုင်ငံမှာ ခရီးသွားလာရေးမိတ်ဆက်ခြင်းလှုပ်ရှားမှုကို ဒီထက် ပိုမိုကောင်းမွန်အောင် ဖော်ဆောင်သွားပါမယ်။ လူမှုကွန်ရက်မီဒီယာပလက်ဖောင်းတွေနဲ့ မြန်မာ-တရုတ် နှစ်နိုင်ငံ ခရီးသွားလာရေး ဒစ်ဂျစ်တယ်မားကတ်တင်း ထိုးဖောက်ဖို့ ပြင်ဆင်ထားတာရှိပါတယ်”လို့ ဦးအုန်းမြင့်က ပြောပြပါတယ်။