တရုတ်-မြန်မာ လက်တွဲပြီး COVID-19 ရောဂါကာကွယ်ထိန်းချုပ်၍ ပြည်သူ့ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်

Yunnan Gateway, May 28, 2020
Size:

ဧပြီလ ၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ တရုတ်အစိုးရမှ စေလွှတ်သော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်အဖွဲ့သည် မြန်မာနိုင်ငံ၏ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွင် ကူညီထောက်ပံ့ပေးခဲ့ကြောင်း သတင်းအရ သိရပါသည်။ ၁၅ ရက်တာကာလတွင် ကျွမ်းကျင်ပညာရှင်အဖွဲ့မှ တရုတ်တိုင်းရင်းဆေးပညာရှင် ရှေ့ကျန့်သည် မြန်မာနိုင်ငံရှိဆေးဘက်ဆရာဝန်များနှင့်အတူ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာအစီအစဉ်နှင့် အတွေ့အကြုံများကို မျှဝေခဲ့ပါသည်။ ရိုးရာတိုင်းရင်းဆေးဝါးကုသရေး၌ တရုတ်တိုင်းရင်းဆေးနှင့် မြန်မာတိုင်းရင်းဆေးတို့သည် တူညီမှုများရှိပြီး ကိုယ်ခန္ဓာခုခံစွမ်းအားမြှင့်တင်ပေး၍ ရောဂါကာကွယ်ရှင်းလင်းခြင်းအတွက် အထောက်အကူပြုနိုင်ကြောင်း ရှေ့ကျန့်က ပြောပါသည်။

တရုတ်-မြန်မာနှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ဆက်စပ်လျက်ရှိပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး နက်ရှိုင်းလျက်ရှိသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွင် အကူအညီပေးရန် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်အဖွဲ့ကို စေလွှတ်မည်ဟု ကြားသိရသည်နှင့် ရှေ့ကျန့်သည် ရှေ့ဆုံးမှ ပါဝင်ခဲ့သည်။ “မိသားစုဝင်များက စိုးရိမ်ကြတာပေါ့။ ဒါပေမဲ့လည်း ကျွန်တော့်ကို ထောက်ခံကြပါတယ်။ ကျွမ်းကျင်ပညာရှင်အဖွဲ့မှာ ပါဝင်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်” ဟု ရှေ့ကျန့်က ပြောသည်။ “တရုတ်-မြန်မာ လက်တွဲပြီး COVID-19 ရောဂါကာကွယ်ထိန်းချုပ်၍ ပြည်သူ့ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်သွားမယ်”ဟု သူက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ထပ်မံကူညီရန် မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီးအတွက် Nucleic acid ဓာတ်ခွဲစစ်ဆေးရေးဓာတ်ခွဲခန်းတစ်ခု ကူညီတည်ဆောက်ရန် တရုတ်အစိုးရက ဆုံးဖြတ်ခဲ့ပြီး တရုတ်-မြန်မာနှစ်နိုင်ငံ သက်ဆိုင်ရာဌာနနှင့် ဒေသန္တရအစိုးရများ၏ပူးတွဲကြိုးပမ်းဆောင်ရွက်မှုဖြင့် ယူနန်ပြည်နယ်မှ စေလွှတ်သောအထူးလုပ်ငန်းအဖွဲ့သည် မေလ ၂၂ ရက်နေ့ညပိုင်းတွင် Nucleic acid ဓာတ်ခွဲစစ်ဆေးရေးဓာတ်ခွဲခန်းတည်ဆောက်ရေး ပစ္စည်းကိရိယာတစ်စုံနှင့်အတူ မန္တလေးမြို့သို့ ရောက်ရှိခဲ့ကြောင်း သတင်းအရ သိရပါသည်။ တရုတ်နိုင်ငံမှ ကျွမ်းကျင်မှုပညာရှင် အထူးလုပ်ငန်းအဖွဲ့သည် မြန်မာနိုင်ငံနည်းပညာရှင်များနှင့်အတူ မန္တလေးမြို့တွင် အထက်မြန်မာပြည်ရှိ ပထမဆုံး Nucleic acid ဓာတ်ခွဲစစ်ဆေးရေးဓာတ်ခွဲခန်းကို တည်ဆောက်ကြောင်း သတင်းအရ သိရပါသည်။

COVID-19 ရောဂါဖြစ်ပွားပြီးနောက် တရုတ်အစိုးရသည် မြန်မာနိုင်ငံအတွက် Detection Kits ၁၆၀၀၀၀ ၊ ဆေးဖက်ဆိုင်ရာ တစ်ခါသုံးနှာခေါင်းစည်း စုစုပေါင်း ၃၉.၇ သိန်းနှင့် PPE ၅၀၀၀၀ ခန့်စသည့် COVID-19 တိုက်ဖျက်ရေးအထောက်အကူပြုပစ္စည်းများကို လှူဒါန်းကူညီပေးခဲ့ကြောင်း သတင်းအရ သိရပါသည်။

သတင်းအရင်းအမြစ် ။ ။ ဆင်ဟွာသတင်းဌာန