ကူးစက်ရောဂါတိုက်ဖျက်ရာတွင် မြန်မာ-တရုတ် ပြည်သူအချင်းချင်း ကူညီအားပေးခြင်းဖြင့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ပြသနေ

CRI, April 20, 2020
Size:

ဗိုင်းရပ်စ်သည် လူသားတစ်ရပ်လုံး၏ ဘုံရန်သူဖြစ်သည်။ ဗိုင်းရပ်စ်သည် နယ်နိမိတ်မျဉ်းကြောင်း မရှိသလို လူမျိုးရေးခွဲခြားခြင်းလည်းမရှိ အဆင့်အတန်း ခွဲခြားခြင်းလည်း မရှိပေ။ ကမ္ဘာတစ်ဝန်း ဗိုင်းရပ်စ်ကို ရင်ဆိုင်ရာတွင် အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်မှသာ အနိုင်ရရှိမည်ဖြစ်သည်။ တရုတ်ပြည်တွင် ဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားခါစတွင် မြန်မာပြည်သူများသည် ဆုတောင်းမေတ္တာပို့သခြင်း၊ ခွန်အားဖြစ်စေသည့်သီချင်းများ ရေးစပ်သီဆိုပြီး ထောက်ခံအားပေးခြင်း၊ မြို့ပြများတွင် တရုတ်ပြည် အားတင်းထား၊ ဝူဟန့်အားတင်းထားဆိုသည့် မီးထွန်းစာတန်းများဖြင့် အားပေးခြင်းစသဖြင့် အားပေးထောက်ခံခဲ့ကြသည်။ ထို့အပြင် မြန်မာအစိုးရအပါအဝင် အရပ်ဘက် အဖွဲ့အစည်းများနှင့် ပြည်သူများသည် တတ်အားသရွေ့ ကာကွယ်ရေးသုံးပစ္စည်းများ၊ နှာခေါင်းစည်းများ လှူဒါန်းခြင်း၊ ဆန်များ လှူဒါန်းခြင်းဖြင့် အဘက်ဘက်မှ အားပေးထောက်ခံခဲ့ကြသည်။ လက်ရှိ မြန်မာပြည် ကူးစက်ရောဂါ ပြန့်ပွားနေချိန်တွင် တရုတ်ပြည်သည်လည်း ငွေအား၊ လူအားဖြင့် ဘက်ပေါင်းစုံမှ အားပေးကူညီလျက်ရှိသည်။ အထူးသဖြင့် တရုတ်ပြည်သည် မြန်မာနိုင်ငံအား ဆေးပညာရှင်များအဖွဲ့များ စေလွှတ်ခြင်း၊ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ခြင်းဖြင့် မြန်မာနိုင်ငံ အမှန်တကယ် လိုအပ်နေသည့် အချိန်တွင် ထိရောက်သည့် အကူအညီများကို ပေးအပ်လျက် ရှိပါသည်။ မြန်မာ လူမှုကွန်ရက် စာမျက်နှာများတွင်လည်း တရုတ်နိုင်ငံ၏ ရောဂါတိုက်ဖျက်ရေး အတွေ့အကြုံများနှင့် အောင်မြင်မှုများကို ချီးကျူးရေးသားကြသလို ၎င်းစာမျက်နှာများ၏ အောက်တွင် မြန်မာပြည်သူများက တရုတ်ပြည်၏ ကူညီထောက်ပံ့မှုကို ကျေးဇူးတင် ရှိကြောင်း၊ တရုတ်နည်းလမ်းများကို နှစ်သက်ကြောင်းနဲ့ အားပေးထောက်ခံကြောင်း ဖော်ပြကြသည်။ COVID-19 ရောဂါ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံတို့သည် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုဖြင့် သွေးရင်းသားရင်း ညီအစ်ကိုတို့၏ ချစ်ခင်ရင်းနှီးမှု၊ ဆွေမျိုးပေါက်ဖော်ချစ်ကြည်မှုများ ထင်ရှားလာပြီး တစ်လှေတည်းစီး တစ်ခရီးတည်းသွားကာ စိတ်ရင်းစေတနာကောင်း အပြန်အလှန်ထားရှိသော မိတ်ဆွေများ၏ ချစ်မေတ္တာကို ပြသလျက် ရှိသည်။